ဘာစီလိုနာအသင်းရဲ့ ပိုလန်ဂိုးသွင်းစက် တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးက မနေ့ကပဲ စပီဇီယာအသင်းကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွေ့သွားခဲ့ပြီဖြစ်တဲ့ ပိုလန်နောက်ခံလူ ခီဗီယောဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ဦးလို့ ချီးမွှမ်းပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : Marca

အသက်(၂၂)နှစ်အရွယ်ရှိ ပိုလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ယာကုခီဗီယော၂၀၂၁ခုနှစ်ကတည်းက စီးရီးအေကလပ် စပီဇီယာအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာပဲ ပိုလန်လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံလာရသလို ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပိုလန်အသင်းနဲ့အတူ ပါဝင်ဆင်နွဲဖြစ်ခဲ့ပါတယ်။ အခုတော့ ဘယ်ခြေအားသန် ဗဟိုခံစစ်မှူး ခီဗီယောဟာ အာဆင်နယ်အသင်းဆီကို ပြောင်းရွေ့ကြေး ယူရို(၂၅)သန်းနဲ့ ပြောင်းရွေ့သွားခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးမှာပါ ပါဝင်ကစားသွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Metro

စီးရီးအေမှာ ပွဲပေါင်း (၃၉)ပွဲ ပါဝင်ထားခဲ့ပြီး ပိုလန်အသင်းရဲ့ ကမ္ဘာ့ဖလားပွဲစဉ် (၄)ပွဲလုံးကို ပါဝင်ခဲ့ရတဲ့ ခီဗီယောဟာ အခုဆိုရင် သူ့ကစားသမားဘဝကို နောက်တစ်ဆင့် မြင့်တင်သွားနိုင်ဖို့အတွက် အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ခီဗီယောကိုလည်း သူရဲ့ ပိုလန် စီနီယာကစားသမားကြီး လီဝန်ဒေါစကီးကိုယ်တိုင်က ချီးမွှမ်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ “ဒီကစားသမားမှာ အလားအလာကောင်းတွေ ရှိနေတယ်။ နယ်သာလန်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်မတိုင်ခင် သွေးပူလေ့ကျင့်ခန်း လုပ်ဆောင်နေတဲ့အချိန်မှာ ဟာ ဒီကောင်က ဘယ်သူလဲပေါ့ဆိုပြီး ကျွန်တော် တွေးနေတာ။ နောက်ပြီး ပွဲစဉ်အတွင်းမှာပဲ သူက ထူးခြားမှုရှိတဲ့ ကစားသမားတစ်ဦးဆိုတာကို ကျွန်တော် နားလည်သွားတယ်” လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။ ခီဗီယောဟာ ပိုလန်နဲ့ နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရတဲ့ UEFA Nations League ပြိုင်ပွဲမှာပဲ ပိုလန်စီနီယာအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် စတင် ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ ခီဗီယောဟာ အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းမှာ ဆလီဘာ ဂါဘရီရယ်တို့နဲ့အတူ ပုံမှန်နေရာ တစ်နေရာအတွက် တိုက်ပွဲဝင်သွားရတော့မှာဖြစ်ပြီး အသင်းမှာလည်း ကျောနံပါတ်(၁၅)ကို ဝတ်ဆင်သွားမှာပဲ ဖြစ်ပါတယ်။