ယခုနှစ် ဘောလုံးရာသီ အစကမှ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် ကနေ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးက ၂၀၂၃ခုနှစ်ရဲ့ ရွှေဘောလုံးဆုရှင်ဟာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို ရထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီပဲ ဖြစ်လိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက ဘာစီလိုနာဆီ ရောက်ရောက်ချင်းမှာပဲ အသင်းနဲ့ အထိုင်ကျခဲ့သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၁၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး အာဂျင်တီးနား အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို မက်ဆီပဲ ရလိမ့်မယ်လို့ ခန့်မှန်းနေကြပြီး လီဝန်ဒေါစကီးကလည်း လီယွန်နယ် မက်ဆီဟာ ၂၀၂၃ခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပြီလို့ ဆိုလိုက်ပါတယ်။

Photo Credit: Goal

လီဝန်ဒေါစကီးက – “၂၀၂၃ခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရနိုင်တဲ့ ကလပ်အဆင့်မှာ အောင်မြင်မှု အများကြီး ရတဲ့ ကစားသမား တယောက် ထပ်ပြီး ပေါ်လာဦးမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ရွှေဘောလုံးဆုရှင်ကို ဆုံးဖြတ်ပေးမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲက ဒီနှစ်မှာ ရှိနေပါတယ်။ အခုချိန်မှာ လီယိုက (မက်ဆီ) သူ ရခဲ့တဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုကြောင့် ရွှေဘောလုံးဆုကို ရနိုင်တဲ့ ကစားသမား စာရင်းရဲ့ နံပါတ်၁နေရာကို ရောက်သွားပါပြီ။ သူက သူ့ရဲ့ အောင်မြင်မှု အတွက် ပျော်ရွှင်နေမယ်လို့ ထင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။