ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ ဂျာမန် ဘီလူးကြီးလို့ လူသိများတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီးတဲ့နောက်မှာ ဒီရာသီထဲ သူတို့အသင်းရဲ့ စွမ်းဆောင်ရည်တွေက လုံးဝ လက်ဖျားခါရလောက်အောင်ကို ဖြစ်လာခဲ့ရပါတယ်။

ဘိုင်ယန်လို ဂျာမနီရဲ့ အင်အား အတောင့်တင်းဆုံး ကလပ်အသင်းကိုမှ သူတို့အိမ်ကွင်းမှာ သရေရအောင် ကစားပြီး ကိုယ့်အိမ်ကွင်းမှာတော့ ပေးဂိုးတောင် လုံးဝမပေးရပဲ (၃)ဂိုးပြတ်နဲ့ အနိုင်ယူလိုက်တာက တကယ့်ကို အထင်ကြီးလောက်စရာပါ။

Photo Credit : Eurosport

အခုဆိုရင် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ လေဗာကူဆင်ဟာ ဘိုင်ယန်ကို ဂိုးပြတ် အနိုင်ယူနိုင်ခဲ့သလို ရမှတ် (၅)မှတ်အထိလည်း ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ နောက်ပြီး ဘိုင်ယန်ကို အနိုင်ယူပြီးနောက် လေဗာကူဆင်က ဒီတစ်ရာသီလုံး ပြိုင်ပွဲစုံ (၃၁)ပွဲလုံး ရှုံးပွဲမရှိသေးအောင်ပါ ကစားထားနိုင်ပါတယ်။

ဘွန်ဒက်စ်လီဂါ ယူရိုပါလိဂ် ပိုကယ်ဖလား အစရှိတဲ့ ပြိုင်ပွဲစုံ (၃၁)ပွဲအထိ ကစားထားပြီးချိန်မှာ နိုင်ပွဲအရေအတွက် (၂၇)ပွဲ သရေပွဲ (၄)ပွဲနဲ့ လုံးဝ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး သွင်းဂိုးပေါင်း (၉၃)အထိတောင် သွင်းယူထားသလို ပေးဂိုးကတော့ (၁၈)ဂိုးသာ ရှိထားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီ (၃၁)ပွဲမှာ (၁၅)ပွဲအထိလည်း Clean Sheets ရယူနိုင်ခဲ့ပြန်ပါတယ်။

Photo Credit : Forbes

တကယ်လို့ လေဗာကူဆင်အနေနဲ့ လာမယ့် ဟိုင်ဒန်ဟိုင်းနဲ့ပွဲစဉ် မိန့်ဇ်နဲ့ပွဲစဉ်တွေအထိပါ ရှုံးပွဲမရှိအောင် ကစားနိုင်မယ်ဆိုရင်တော့ ဂျာမနီ ဘောလုံးနယ်ပယ်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်း တင်ရှိထားတဲ့ စံချိန်ကြီးတစ်ခုကိုပါ ရိုက်ချိုးသွားနိုင်မှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၀ စက်တင်ဘာလအထိ ပြိုင်ပွဲစုံ (၃၂)ပွဲကို ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပြီး ဂျာမနီ ကလပ်အသင်းတွေထဲမှာ ပြိုင်ပွဲစုံထဲ အရှည်ကြာဆုံး ရှုံးပွဲမရှိသော အသင်းအဖြစ် စံချိန်တင်ထားခဲ့ရာ လေဗာကူဆင်အနေနဲ့ ဒီစံချိန်ကို လိုက်မီဖို့က တစ်ပွဲတည်းသာ လိုတော့သလို ရိုက်ချိုးနိုင်ဖို့ကလည်း (၂)ပွဲပဲ လိုအပ်ပါတော့တယ်။