လေဗာကူဆင်အသင်းရဲ့ အားကစားဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ ဆိုင်မွန် ရိုးလ်ဖက်စ်က နည်းပြ အဲရစ် တန်ဟက်ဂ်ကို ထုတ်ပယ်ခဲ့ခြင်းအပေါ် နောင်တမရှိကြောင်း အရိပ်အမြွက်ပြသလိုက်ပြီး အသင်းရဲ့ ကောင်းမွန်တဲ့ အငွေ့အသက်တွေ ပြန်လည်ရရှိလာပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရိုးလ်ဖက်စ်က တန်ဟက်ဂ်ကို ခန့်အပ်ခဲ့ခြင်းဟာ အမှားကြီးတစ်ခုဖြစ်ခဲ့ကြောင်းနဲ့ သူ့ကို အံ့အားသင့်ဖွယ် ထုတ်ပယ်ခဲ့ခြင်းကသာ အသင်းအတွက် ကောင်းချီးတစ်ခုဖြစ်ကြောင်း သွယ်ဝိုက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြ ထွက်ခွာသွားပြီးနောက် အဝတ်လဲခန်းအတွင်း အသင်းသားတွေရဲ့ စိတ်ဓာတ်တွေ ပြန်လည်တက်ကြွလာခဲ့ပြီး ကစားသမားတွေဟာ ကွင်းထဲမှာ သူတို့ ဘာလုပ်ရမလဲဆိုတာကို ပြန်လည်သိရှိသွားကြပြီဖြစ်ကြောင်း သူက အခိုင်အမာ ပြောကြားခဲ့တာပါ။

Photo Credit : Goal

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင်အသင်းဟာ သူတို့ရဲ့အောင်မြင်တဲ့နည်းပြ ဇာဘီ အလွန်ဆိုကို ရီးယဲလ် မက်ဒရစ်က ခေါ်ယူသွားပြီးနောက်မှာ မန်ချက်စတာ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတဲ့ တန်ဟက်ဂ်နဲ့ လောင်းကြေးထပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ထက် ဖိအားနဲ့ မီဒီယာအာရုံစိုက်မှု သိသိသာသာနည်းပါးတဲ့ ဘွန်ဒက်စ်လီဂါမှာ အေဂျက်ဇ်နည်းပြဟောင်းတစ်ယောက် အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ တန်ဟက်ဂ်ဟာ အသင်းရဲ့ အဓိက ကစားသမားအများစုကို ရောင်းထုတ်ထားတဲ့ အသင်းတစ်သင်းကို ကိုင်တွယ်ရမယ့် ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ရပါတယ်။ လေဗာကူဆင်ဟာ နွေရာသီမှာ ဖလော်ရီယန် ဗက်ဇ်၊ ဂျိုနသန် တာ၊ ဂျယ်ရမီ ဖရင်ပေါင်၊ ဂရာနစ် ရှာခါနဲ့ ဗစ်တာ ဘော်နီဖေ့စ်တို့လို အဓိက ကစားသမားတွေကို ရောင်းထုတ်ခဲ့ပြီး ကစားသမားသစ်လည်း လုံလောက်စွာ အားဖြည့်နိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit : Bavarian Football Works

တန်ဟက်ဂ်ဟာ သူ့ရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ DFB-Pokal ဖလားပွဲမှာ ၄-၀ နဲ့ အနိုင်ရခဲ့ပေမယ့် လိဂ်အဖွင့်ပွဲစဉ် (၂)ပွဲမှာ တစ်ပွဲရှုံး၊ တစ်ပွဲသရေကျခဲ့ပြီးနောက်မှာတော့ အသင်းက သူ့ကို ချက်ချင်းအလုပ်ထုတ်ခဲ့ပါတယ်။ လေဗာကူဆင်အသင်းဟာ ယာယီနည်းပြတွေဖြစ်တဲ့ Rogier Meijer နဲ့ Andries Ulderink တို့ရဲ့ လက်အောက်မှာ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၃ ရက်) က တတိယတန်းကလပ် ဗစ်တိုးရီးယား ကိုလ်နဲ့ ခြေစမ်းပွဲကစားခဲ့ပြီး ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာ ဒါရိုက်တာ ရိုးလ်ဖက်စ်က အသင်းရဲ့ သိသိသာသာ တိုးတက်လာတဲ့ အခြေအနေကို ချီးကျူးပြောဆိုခဲ့ပါတယ်။

“ကျွန်တော် တကယ်ကို ကောင်းမွန်တဲ့ အငွေ့အသက်တစ်ခုကို ခံစားမိပါတယ်။ လွန်ခဲ့တဲ့ လေ့ကျင့်ရေးနှစ်ရက်မှာရော၊ ဒီပွဲမှာပါ အဲဒီအတိုင်းပါပဲ။ ကျွန်တော်တို့မှာ ဖွဲ့စည်းပုံကောင်းကောင်း နည်းစနစ်ကောင်းကောင်းရှိခဲ့တယ်။ ယာယီနည်းပြ Rogier က ပွဲမတိုင်ခင် ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပြင်ဆင်မှုတွေက တကယ်ကောင်းခဲ့ပါတယ်။ ကောင်လေးတွေက သူတို့ဘာလုပ်ရမလဲ၊ ဘာလုပ်ဖို့ တာဝန်ပေးခံထားရလဲဆိုတာကို သိခဲ့ကြပြီး ကောင်းကောင်းအကောင်အထည်ဖော်နိုင်ခဲ့ကြပါတယ်။” လို့ တန်ဟက်ဂ်ကို ထေ့ငေါ့ပြောဆိုခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ တန်ဟက်နေရာမှာ အစားထိုးဖို့ နည်းပြသစ်တစ်ဦးကို အလျင်အမြန် ရှာဖွေနေပါတယ်။ သူ့ကို ထုတ်ပယ်ပြီး ရက်ပိုင်းအတွင်းမှာပဲ နာမည်ကြီးနည်းပြအချို့နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒေါ့မွန်နည်းပြဟောင်း အီဒင် တာဇစ်၊ ရီးယဲလ် မက်ဒရစ် ဂန္ထဝင်ကစားသမားဟောင်း ရာအူးလ်နဲ့ ပြီးခဲ့တဲ့ရာသီက စပါးအသင်းကို ယူရိုပါလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် အလုပ်ထုတ်ခံခဲ့ရတဲ့ အန်ဂီ ပိုစတီကိုဂလူတို့ဟာ လီဗာကူဆင်ရဲ့ စိတ်ဝင်စားမှုစာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။