ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လေဗာကူဆင်က လာမယ့်ရာသီ အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ အီဒူဇီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ဥရောပ အခြေစိုက် ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ယူ-၁၉ လက်ရွေးစင် ဘယ်တောင်ပံတိုက်စစ် ကစားသမား အီဒူဇီက မန်ချက်စတာ စီးတီးရဲ့ လူငယ်အကယ်ဒမီ ကနေ မွေးထုတ်ပေးလိုက်တဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ဆန်ချို ၊ ဖိုဒန်တို့လို ထိပ်တန်း ကစားသမား ဖြစ်လာမယ်လို့ ထင်ကြေး ပေးခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

အီဒူဇီက ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း မြင့်မားသလို သူ့ရဲ့ ဖြတ်တင်ဘောတွေဟာ အတော်လေး တိကျတာကြောင့် ဒေသတွင်း မီဒီယာတွေက သူ့ကို မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဒေးဗစ် ဘက်ခမ်းနဲ့ နှိုင်းယှဉ်လေ့ ရှိကြပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ စီးတီးကလည်း အီဒူဇီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် အီဒူဇီကတော့ မန်ချက်စတာ စီးတီးမှာ ဆက်နေရင် သူ လိုချင်တဲ့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မလွယ်တာကြောင့် အသင်းကနေ ထွက်ခွာဖို့သာ ဆုံးဖြတ်ခဲ့ပြီး သူနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက လာမယ့် ဘောလုံးရာသီ အကုန်မှာပဲ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက ယခု နွေဈေးကွက် အတွင်းမှာပဲ အီဒူဇီကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ရပြီး လူငယ် ကစားသမားတွေကို မြေတောင် မြှောက်ပေးလေ့ ရှိတဲ့ လေဗာကူဆင်က အီဒူဇီအတွက် မန်ချက်စတာ စီးတီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကာ ယခုအချိန်မှာတော့ အီဒူဇီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လေဗာကူဆင်က အီဒူဇီကို ခေါ်ယူဖို့ မန်ချက်စတာ စီးတီးနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကာ ပြောင်းရွှေ့ကြေး ဘယ်ရွေ့ ဘယ်မျှ ဆိုတာ မသိရသေးပေမယ့် မကြာခင်မှာ အီဒူဇီရဲ့ အပြောင်းအရွှေ့ကို တရားဝင် ထုတ်ပြန် ကြေညာတော့မယ်လို့ သိရပါတယ်။