မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး အင်ဒီကိုးကတော့ လက်ရှိ မန်ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကို သူရဲ့ စာချုပ်သက်တမ်းကာလအတိုင်း အသင်းမှာ ဆက်လက် ထားရှိသင့်တယ်လို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။

လတ်တလောမှာတော့ ယူနိုက်တက်ရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး သတင်းတွေက အမျိုးမျိုး ထွက်ပေါ်လို့နေပြီး လက်ရှိ အသင်းနည်းပြ တန်ဟက်ဂ်ရဲ့ အနာဂတ်ကလည်း ရှေ့ဆက် ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာ မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Football365

အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ နယ်သာလန်လူမျိုး တန်ဟက်ဂ်က သူရဲ့ တာထွက်ဖြစ်တဲ့ မနှစ်က ဘောလုံးရာသီမှာ အသင်းအတွက် လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေ ရရှိအောင် စွမ်းဆောင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဖလားတစ်လုံး ရဖို့ထက် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ကိုသာ ကြိုးပမ်းရဖွယ် ဖြစ်နေပါတယ်။

ဒီလို အခြေအနေမှာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်တို့က တန်ဟက်ဂ်နေရာအတွက် အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်နဲ့ အစားထိုးသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သလို ကစားသမားဟောင်းတချို့ကလည်း ဒီသတင်းတွေနဲ့ စပ်လျဉ်းပြီး ဆောက်ဂိတ်ကို ထောက်ခံခဲ့ကြပါသေးတယ်။

Photo Credit : Stretty News

ဒါပေမယ့် ယူနိုက်တက် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အင်ဒီကိုးကတော့ အသင်းရဲ့ လက်ရှိနည်းပြ တန်ဟက်ဂ်ကိုသာ ဆက်လက် အချိန်ပေးဖို့ အသင်းထံ တိုက်တွန်းသွားခဲ့ပြီး သူ အသင်းအတွက် ဘာတွေ လုပ်ပြနိုင်မလဲဆိုတာကို အချိန်ပေး စောင့်ကြည့်သင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။

“တန်ဟက်ဂ်က နည်းပြကောင်းတစ်ယောက်ပါ။ ဒါကြောင့် သူရဲ့စာချုပ်သက်တမ်းအတိုင်း အသင်းမှာ (၄)နှစ်ပြည့်အောင် ဆက်ပြီး ထားရှိလိုက်ပါ။ ပြီးရင်တော့ အခြေအနေတွေ ဘယ်လို ပြောင်းလဲလာသလဲ ဆိုတာကို စောင့်ကြည့်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ကြည့်ပါ။” လို့ အင်ဒီကိုးက သူ့အသင်းဟောင်းထံ အကြံပြု တိုက်တွန်းသွားခဲ့ပါတယ်။