အင်္ဂလန်လက်ရွေးစင် နောက်ခံလူဟောင်း ဂျိုလီယွန် လက်စကော့က ဒီရာသီမှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေကို ပယ်ချလိုက်ပြီး သူ့ရဲ့အသင်းဟောင်း မန်ချက်စတာ စီးတီးကသာ လီဗာပူးလ်တို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်လိမ့်မယ်လို့ ရဲရဲဝံ့ဝံ့ ဟောကိန်းထုတ်လိုက်ပါတယ်။

အသက်(၄၂)နှစ်အရွယ် လက်စကော့က ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ စိတ်ပျက်စရာ ရလဒ်တွေနဲ့ ရာသီသိမ်းခဲ့ရပေမယ့် အခုအခါမှာတော့ အကောင်းဆုံးပုံစံနဲ့ ပြန်လာလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

Photo Credit : Sky News

၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ပရီးမီးယားလိဂ်ဖလား လေးကြိမ်ဆက်တိုက် ရယူခဲ့တဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ရာသီမှာတော့ ဖလားလက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ လက်စကော့ကတော့ ပြီးခဲ့တဲ့ရာသီက အောင်မြင်မှုတွေဆက်တိုက်ရလို့ ဖြစ်ပေါ်လာတဲ့ ပင်ပန်းနွမ်းနယ်မှုကနေ အခုအခါမှာ စိတ်ပိုင်းဆိုင်ရာ အနားယူမှုအပြည့်အဝ ရရှိခဲ့တာကြောင့် စီးတီးအသင်း ပြန်လာတော့မယ်လို့ သုံးသပ်ခဲ့ပါတယ်။

Topps Premier League 2025-26 ကစားကတ်ပြားများ မိတ်ဆက်ပွဲအခမ်းအနားမှာ လက်စကော့က “ပြီးခဲ့တဲ့ရာသီက ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ သူတို့က ဒီရာသီမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဆိုတာ သေချာပါတယ်။ ဒါက ပက် ဂွါဒီယိုလာရဲ့အသင်း၊ ကမ္ဘာ့အကောင်းဆုံး ကစားသမားတချို့ရှိနေတဲ့ မန်စီးတီးပါ။ သူတို့ဝင်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ သူတို့ကို ရေပန်းအစားဆုံးအသင်းအဖြစ် မမြင်တာက မိုက်မဲရာကျပါလိမ့်မယ်။ ဒါက သူတို့အကုန်လုံးကို အနိုင်ရမယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် သူတို့က သေချာပေါက် ရေပန်းအစားဆုံးတွေထဲက တစ်သင်းပါပဲ။”

Photo Credit : Arsenal Insider

ပြီးခဲ့တဲ့ရာသီက စီးတီးအသင်းဟာ ချန်ပီယံလီဗာပူးလ်အသင်းနဲ့ (၁၃)မှတ်အထိကွာပြီး အဆင့်(၃)နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ဒီလိုခြေစွမ်းကျဆင်းခဲ့ရတာဟာ အောင်မြင်မှုတွေရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တယ်လို့ လက်စကော့က ရှင်းပြပါတယ်။ “လေးနှစ်ဆက်တိုက် ဖလားရအောင် စွမ်းဆောင်ခဲ့ရတာက အင်္ဂလိပ်ဘောလုံးသမိုင်းမှာ ဘယ်သူမှ မလုပ်နိုင်သေးတဲ့ အရာပါ။ ဒါကြောင့် ဒီလိုဖြစ်ပြီးရင် သူ့ရဲ့ဂယက်ကတော့ ရှိမှာပဲ။ ပြီးခဲ့တဲ့နှစ်က အဲ့ဒီလိုဖြစ်ခဲ့တယ်။”

“ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုသာမက အချိန်အကြာကြီး အာရုံစိုက်နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေလည်း ပါပါတယ်။ သူတို့ ဖလားမရနိုင်တော့ဘူးဆိုတာကို သိလိုက်ရတဲ့အချိန်မှာ မသိစိတ်ကဖြစ်စေ သိစိတ်ကဖြစ်စေ သူတို့ အာရုံစိုက်မှုကို လျှော့ချနိုင်ခဲ့တယ်။ အခုတော့ သူတို့ စိတ်ပိုင်းဆိုင်ရာ အနားယူမှုအပြည့်ရခဲ့ပြီး ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေလောက်ပါပြီ။” လို့ သူက ရှင်းပြခဲ့ပါတယ်။