ဒီနွေမှာ အရည်အသွေးမြင့် ကစားသမားသစ်တွေ ခေါ်ယူဖြည့်တင်းလျက် ရှိနေတဲ့ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ အခုဆိုရင်လည်း လက်ရှိ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကြယ်ပွင့်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပြန်ပါတယ်။
ချယ်လ်ဆီးက ဒီနွေမှာ အစ်ဆွစ်ချ်အသင်းရဲ့ အင်္ဂလန် အထောင်တိုက်စစ်မှူး လီယန် ဒီလက်ပ်နဲ့ ဘရိုက်တန်အသင်းက ဂျာအို ပတ်ဒရိုတို့ကို ခေါ်ယူခဲ့သလို ပါးလ်မီးရပ်စ်က ဘရာဇီးလ် လူငယ်ကြယ်ပွင့်လေး အက်စတီဗာအိုကလည်း အသင်းနဲ့ လာရောက်ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။
Photo Credit : Yardbarker
ဒီတိုက်စစ်ကစားသမား (၃)ဦးလုံးဟာ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အတော်လေး ထင်ပေါ်ခဲ့တဲ့သူတွေဖြစ်ပြီး ဒီထဲကမှ ဂျာအို ပတ်ဒရိုကတော့ ချယ်လ်ဆီးကို ကမ္ဘာ့ချန်ပီယံ ဖြစ်လာအောင် ကိုးလ် ပါလ်မာနဲ့အတူ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို သိပ်ကောင်းလှတဲ့ တိုက်စစ်အစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ ချယ်လ်ဆီးက အခုလည်း နယ်သာလန်ကြယ်ပွင့် ဇာဗီ ဆိုင်မွန်စ်ကို ပစ်မှတ်ထား ချိန်ရွယ်လာခဲ့ပြန်ပါတယ်။
ချယ်လ်ဆီးအသင်းက မန်ချက်စတာ ယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချိုနဲ့ အက်စတွန် ဗီလာက မော်ဂန် ရော်ဂျာစ်တို့ကို ခေါ်ယူချင်ခဲ့ပေမယ့် အခုတော့ သူတို့ရဲ့ ပစ်မှတ်က လိုက်ပ်ဇစ်က အသက်(၂၂)နှစ်အရွယ် နယ်သာလန် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမားလေး ဇာဗီ ဆိုင်မွန်စ်ပဲ ဖြစ်ပါတယ်။
Photo Credit : Football Transfer
ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားလေး ဆိုင်မွန်စ်ဟာ PSV နဲ့ ပီအက်စ်ဂျီအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသလို လိုက်ပ်ဇစ်အတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ်က လာမယ့်ရာသီမှာ ချန်ပီယံလိဂ်အပြင် ဥရောပဝင်ခွင့် ဘာမှ မရထားလို့ ဆိုင်မွန်စ်က အသင်းကနေ ထွက်ခွာချင်နေပြီး သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းများထဲကမှ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။
နာမည်ကျော် ဘောလုံးဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ ချယ်လ်ဆီးက ဆိုင်မွန်စ်နဲ့ ပုဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိအောင် ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီး ဆိုင်မွန်စ်ကိုယ်တိုင်ကလည်း ဒီအပြောင်းအရွှေ့အပေါ် စိတ်အားထက်သန်လျက် ရှိနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအနေနဲ့ ကစားသမားနဲ့ သဘောတူညီမှု ရပြီဆိုတာနဲ့ ကလပ်အသင်း နှစ်သင်းကြားပါ သဘောတူညီမှုရအောင် ခပ်မြန်မြန် လှုပ်ရှားသွားဖို့ ရှိနေပါတယ်။