ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်ရဲ့ ဒါရိုက်တာ ဖြစ်သူ မက်စ် အီဘရယ်က သူတို့အသင်းရဲ့ ဗဟိုခံစစ်မှူး ဗာဒီယိုကို ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးဆီ ရောင်းချတော့မယ် ဆိုတဲ့ သတင်းတွေဟာ မှားယွင်းကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ချန်ပီယံလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးက လာမယ့် ဘောလုံးရာသီမှာ ဖလား ၃လုံး ချန်ပီယံဘွဲ့ကို ကာကွယ်ရဖို့ ရှိတာကြောင့် သူတို့အသင်းရဲ့ ခံစစ်ပိုင်း အတွက် လိုက်ပ်ဇစ်ရဲ့ အဓိက နောက်ခံလူ ဗာဒီယို အပါအဝင် ထိပ်တန်း ကစားသမား တချို့ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာ မန်ချက်စတာ စီးတီးက ဗာဒီယိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားတာကြောင့် စီးတီးဟာ ဗာဒီယိုကို အပြီးသတ် ခေါ်ယူနိုင်ဖို့ အတွက် လိုက်ပ်ဇစ်နဲ့ သဘောတူညီမှု ရရှိဖို့သာ လိုအပ်ပါတော့တယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနို အပါအဝင် နာမည်ကြီး သတင်းထောက် အများစုက မန်ချက်စတာ စီးတီးဟာ ဗာဒီယိုကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီ ဆိုပြီး တပြိုင်နက်ထဲ ဖော်ပြလာတာကြောင့် ဘောလုံးပရိသတ်တွေ အားလုံးက ဗာဒီယိုဟာ မန်ချက်စတာ စီးတီးရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။

Photo Credit: Football 365

ဒါပေမယ့် လိုက်ပ်ဇစ်ရဲ့ ဒါရိုက်တာ ဖြစ်သူ မက်စ် အီဘရယ်က မန်ချက်စတာ စီးတီးဟာ ဗာဒီယိုကို ခေါ်ယူဖို့ သူတို့အသင်းနဲ့ သဘောတူညီမှု ရခဲ့ပြီ ဆိုတဲ့ သတင်းတွေ မမှန်ကြောင်းနဲ့ သူတို့က ဗာဒီယိုအတွက် ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

မက်စ် အီဘရယ်က – “ကျွန်တော်တို့က ဗာဒီယိုရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ စီးတီးနဲ့ သဘောတူညီမှု မရထားပါဘူး။ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အတွက် နီးစပ်တဲ့ အခြေအနေမျိုးတောင် မရောက်သေးပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။