ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်က သူတို့အသင်းရဲ့ ပိုင်ရှင်တူ အသင်းဖြစ်တဲ့ ရက်ဘူးလ် ဆဲလ်ဘက်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဆက်စ်ကိုကို ခေါ်ယူနိုင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဆလိုဗေးနီးယား လက်ရွေးစင် တိုက်စစ်မှူး ဆက်စ်ကိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဆဲလ်ဘက်နဲ့အတူ စတင် တောက်ပလာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ဆဲလ်ဘက်အတွက် ယခုနှစ် ဘောလုံးရာသီမှာ ၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Mirror

ဆက်စ်ကိုက အသက်အရွယ် ငယ်သေးပေမယ့် နိုင်ငံတကာ အတွေ့အကြုံ ရှိတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပအသင်းကြီး အများစုက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြပေမယ့် လိုက်ပ်ဇစ်နဲ့ ဆဲလ်ဘက် နှစ်သင်းစလုံးကို ပိုင်ဆိုင်တဲ့ ရက်ဘူးလ်လုပ်ငန်း အုပ်စုက သူတို့ရဲ့ ကစားသမားကို အခြားအသင်းတွေဆီ မရောင်းချချင်ခဲ့ပါဘူး။

ဒါကြောင့်ပဲ လိုက်ပ်ဇစ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ထဲကနေ ဆက်စ်ကိုကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ ဆက်စ်ကိုကလည်း လိုက်ပ်ဇစ်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ကြောင်း နာမည်ကြီး သတင်းထောက် ရိုမာနိုက ဆိုပါတယ်။

Photo Credit: Mirror

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လိုက်ပ်ဇစ်က ဆက်စ်ကိုကို မဖော်ပြနိုင်သေးတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး ဆက်စ်ကိုက လိုက်ပ်ဇစ်နဲ့ ပြောင်းရွှေ့ပြီးရင် လိုက်ပ်ဇစ်နဲ့ ပူးပေါင်းဦးမှာ မဟုတ်ပဲ ယခုနှစ် ဘောလုံးရာသီမှာတော့ ဆဲလ်ဘက်နဲ့သာ ဆက်လက် ရှိနေသွားမယ်လို့ သိရပါတယ်။