ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တသင်း ဖြစ်တဲ့ လက်စတာ စီးတီးကတော့ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ ဖိုဖာနာအတွက် ချယ်လ်ဆီးရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှု ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်းတန် ကမ်းလှမ်းမှုကို ထပ်မံ ပယ်ချလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် ဗဟိုနောက်ခံလူ ဖိုဖာနာက စိန့်အက်တီယန် ကနေ လက်စတာ စီးတီးထံ ပြောင်းရွှေ့လာပြီးနောက် ဆိုရွန်ကူနဲ့ တွဲဖက်ကာ အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဗဟိုနောက်ခံလူ တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Standard

အရပ်အမြင့် ၆ပေ ၂လက်မ ရှိတဲ့ ဖိုဖာနာက အမြင့်ဘောတွေကို ရှင်းထုတ်နိုင်စွမ်း မြင့်မားသလို လျင်မြန်ပြီး တဖက်အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေကို တားဆီးနိုင်စွမ်းလည်း ရှိတာကြောင့် ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ရူဒီဂါရဲ့ နေရာအတွက် တိုက်ရိုက် အစားထိုးမှု အဖြစ် သူ့ကို ခေါ်ယူချင်နေတာပါ။

တူဟယ်လ်ရဲ့ တောင်းဆိုမှုကြောင့်ပဲ ချယ်လ်ဆီးက ဖိုဖာနာအတွက် ပထမဦးဆုံး အကြိမ် ကမ်းလှမ်းမှု အဖြစ် ပေါင် ၆၀သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပေမယ့် လက်စတာ စီးတီးဘက်က သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့သလို ယခုတခါမှာလည်း ချယ်လ်ဆီးရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှု ဖြစ်တဲ့ ပေါင် ၇၀သန်းတန် ကမ်းလှမ်းမှုကိုလည်း လက်စတာက လက်မခံခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ရိုမာနိုက ဆိုပါတယ်။

Photo Credit: Standard

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဖိုဖာနာအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ပေါင် ၇၀သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်စတာဘက်က ဖိုဖာနာဟာ ရောင်းထုတ်မယ့် ကစားသမား တဦး မဟုတ်ကြောင်း ပြန်လည် တုံ့ပြန်ကာ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဖိုဖာနာကတော့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျာကော့ဘ်ကလည်း လက်စတာဟာ ချယ်လ်ဆီးရဲ့ ဖိုဖာနာအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ထပ်ဆင့် အတည်ပြုပေးခဲ့သလို ချယ်လ်ဆီးက ဖိုဖာနာကို အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် လက်စတာ စီးတီဘက်က မငြင်းဆန်နိုင်တဲ့ ကမ်းလှမ်းမှု ဖြစ်တဲ့ ပေါင် ၈၅သန်းနဲ့ တိုးမြှင့် ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း ဖော်ပြထားပါတယ်။