ယခုနှစ် ဘောလုံးရာသီရဲ့ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တာကြောင့် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်ခွင့် ရထားတဲ့ လက်စတာ စီးတီးက မကြာခင်မှာ ချယ်လ်ဆီးဆီ ပြောင်းတော့မယ့် အသင်းနည်းပြချုပ် မာရက်စ်ကာရဲ့ နေရာအတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သလို နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီကိုလည်း ကိုင်တွယ်ဖူးတဲ့ နစ္စတယ်ရွိုင်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၄၄နှစ် အရွယ် အီတလီနည်းပြ မာရက်စ်ကာက ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ စီးတီးကနေ လက်စတာ စီးတီးထံ ၃နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မာရက်စ်ကာဟာ သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာပဲ လက်စတာ စီးတီးကို ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

မာရက်စ်ကာက ၁နှစ်ထဲနဲ့ လက်စတာ စီးတီးကို ပရီးမီးယားလိဂ်ဆီ ပြန်ပို့ပေးနိုင်ခဲ့သလို လက်စတာ စီးတီးက ဒီရာသီမှာ အံ့မခန်းခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့တာကြောင့် မကြာသေးမီကမှ နည်းပြချုပ် ပိုချက်တီနိုနဲ့ လမ်းခွဲထားတဲ့ ချယ်လ်ဆီးဟာ မာရက်စ်ကာကို ခေါ်ယူဖို့ ကြိုးစားနေပြီး မာရက်စ်ကာကလည်း ချယ်လ်ဆီးဆီ ပြောင်းဖို့ ခေါင်းညိတ်ထားပါတယ်။

မကြာခင်မှာ မာရက်စ်ကာကို ဆုံးရှုံးရဖို့ ရှိနေတာကြောင့် လက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက သူတို့အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်မယ့် နည်းပြချုပ် တဦးကို အပူတပြင်း လိုက်လံ ရှာဖွေနေပြီး နစ္စတယ်ရွိုင်းဟာ လက်စတာ စီးတီးရဲ့ နည်းပြပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ လက်စတာ စီးတီးက မာရက်စ်ကာကို လက်လွှတ်ရဖို့ သေချာနေပြီးနောက် နစ္စတယ်ရွိုင်းကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေပြီး လက်စတာရဲ့ တာဝန်ရှိသူတွေက နစ္စတယ်ရွိုင်းဟာ သူတို့အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရှိရပါတယ်။

အသက် ၄၇နှစ် အရွယ် မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး နစ္စတယ်ရွိုင်းက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်ဖူးပြီး သူက အဲ့ဒီရာသီမှာ ပီအက်စ်ဗွီ အတွက် နယ်သာလန် စူပါဖလားနဲ့ ရှုံးထွက်ဖလား စတဲ့ ဆုဖလား ၂လုံးကို ရယူပေးနိုင်ခဲ့ပါတယ်။