ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ အင်္ဂလန်တို့ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ အီယန်ရိုက်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ တောက်ပနေတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးကို အင်္ဂလန်အသင်းကြီးဆီ ခေါ်သင့်ပြီလို့ လူတန်တောင်း ၁-၂ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသားသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ် အင်္ဂလန်-ဂါနာနွယ်ဖွား လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးက မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ငယ်မွေးခြံပေါက် ကစားသမား တဦး ဖြစ်ပြီး သူက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ အဓိက ကစားလေ့ ရှိပါတယ်။

Photo Credit: Daily Star

ကိုဘီ မိုင်နူးက ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် အရွယ်နဲ့မလိုက်အောင် တည်ငြိမ်သလို သူ့ရဲ့ ဘောလုံးလှည့်ထွက်ပုံ ၊ နေရာပေါင်းစုံကို ဘောလုံးပေးပို့နိုင်စွမ်းနဲ့ ဘောလုံးဖျက်ထုတ်ပုံတွေက အတော်လေး သေသပ်တာကြောင့် ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ပုံမှန် ပွဲထွက်ခွင့် ရနေပါတယ်။

လူတန်တောင်း ၁-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာလည်း ကိုဘီ မိုင်နူးက ဘရူနို ဖာနန်ဒက် ၊ ကတ်စ်မဲရိုး စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ကစားခွင့် ရခဲ့သလို ပွဲစဉ်တလျှောက် ပြိုင်ဘက် ကစားသမားတွေကို ၆ကြိမ်တိတိ လိမ်ခေါက် ဖြတ်ကျော်နိုင်ခဲ့တာကြောင့် ၂၀၂၂ခုနှစ် နောက်ပိုင်း ၁ပွဲအတွင်းမှာ ပြိုင်ဘက်တွေကို လိမ်ခေါက်ဖြတ်ကျော်နိုင်စွမ်း အမြင့်ဆုံး ယူနိုက်တက် ကစားသမား ဆိုတဲ့ မှတ်တမ်းကောင်းကိုပါ ရခဲ့ပါသေးတယ်။

Photo Credit: Tribuna

ကိုဘီ မိုင်နူးရဲ့ ခြေစွမ်းတွေက မြင်တွေ့ရသူ အပေါင်းကို နှစ်ခြိုက်စေခဲ့ပြီး အာဆင်နယ်ဂန္တဝင် အီယန်ရိုက်ကလည်း သူဟာ မိုင်နူး ကစားတဲ့ပွဲတွေကို ကြည့်မိတိုင်း မိုင်နူးကို သဘောကျခဲ့ရကြောင်းနဲ့ မိုင်နူးဟာ အင်္ဂလန်လက်ရွေးစင် ဖြစ်သင့်နေပြီလို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသားခဲ့ပါတယ်။

အီယန်ရိုက်က – “မိုင်နူးကို အင်္ဂလန်ရဲ့ လူစာရင်းထဲမှာ မြင်တွေ့ဖို့ အချိန်တန်ပြီ။ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေမှာတောင် သူက တည်တည်ငြိမ်ငြိမ်နဲ့ ကစားသွားနိုင်ခဲ့ပါတယ်။ အင်္ဂလန် ကစားသမား တယောက်က အခုလို ကစားနိုင်တာကို မမြင်ရတာ အတော်လေး ကြာနေပါပြီ။ သူ ကစားတဲ့ ပွဲတွေကို ကြည့်မိတိုင်း သူ့ရဲ့ခြေစွမ်းကို သဘောကျရပါတယ်” လို့ ပြောကာ မိုင်နူးကို ချီးကျူးသွားခဲ့တာပါ။