နယ်သာလန် ကြယ်ပွင့်ကစားသမားလေး ကိုဒီဂက်ပို ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မတောက်ပခင်ကတည်းက သူ့ကို လိဒ်စ်ယူနိုက်တက်အသင်းက နွေဈေးကွက်အတွင်းမှာပဲ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ပေမဲ့ နည်းပြကြီး လူးဝစ်ဗန်ဟားလ်ကြောင့်သာ သူတို့ ဂက်ပိုကို မခေါ်ယူနိုင်တော့တာလို့ ဖွင့်ဟသွားခဲ့ပါတယ်။

Leeds target PSV attacker Cody Gakpo as Raphinha replacement while Arsenal  and Barcelona prepare transfer bids | The Sun

Photo Credit : The Sun

ဂက်ပိုဟာ PSV အသင်းမှာ ပါဝင်ကစားနေစဉ်တုန်းက သူ့ကို ပထမဆုံး ပစ်မှတ်ထားခဲ့တာက မန်ချက်စတာယူနိုက်တက်အသင်း ဖြစ်ခဲ့ပေမဲ့ မန်ယူနိုက်တက်က အေဂျက်စ်က အန်တိုနီကို ခေါ်ယူခဲ့တာကြောင့် ဂက်ပိုကို ဆက်လက် မကြိုးစားတော့ပဲ လိဒ်စ်နဲ့ ဆောက်သမ်တန်အသင်းတွေသာ ဆက်ပြီး ကြိုးပမ်းလာခဲ့ပါတယ်။ အဲ့ဒီမှာ လိဒ်စ်အသင်းက ဂက်ပိုကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ခေါ်ဆောင်နိုင်ဖို့ အလွန်ကို အနီးစပ်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ရပေမဲ့ အဲ့ဒီအချိန်က နယ်သာလန်အသင်းက ကိုင်တွယ်နေတဲ့ နည်းပြဗန်ဟားလ်ရဲ့့ မှတ်ချက်စကားတွေကြောင့် ဂက်ပိုရဲ့ ဆုံးဖြတ်ချက်ပါ ပြောင်းလဲသွားသလို အပြောင်းအရွှေ့လည်း ပျက်ပြယ်ခဲ့ရပါတယ်။

Photo Credit : The Mirror

ဒီကိစ္စရပ်နဲ့ ပတ်သတ်ပြီး လိဒ်စ်အသင်း ဥက္ကဌ ရာဒရီဇာနီက “ကိုဒီဂက်ပိုကို လက်မှတ်ရေးထိုးဖို့ ကျွန်တော်တို့ အရမ်း နီးစပ်ခဲ့ပါတယ်။ သြဂုတ်လရဲ့ အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်လောက်မှာပဲ ကစားသမားနဲ့ရော PSV အသင်းနဲ့ပါ အပြီးသတ်လုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဗန်ဟားလ်ကြောင့် အပြောင်းအရွှေ့က ပျက်ဆီးသွားခဲ့ရတယ်။ ဗန်ဟားလ်က ဂက်ပိုကို ခေါ်ယူပြီး ကမ္ဘာ့ဖလားပြီးတဲ့အထိ စောင့်ဆိုင်းပြီးမှ အပြောင်းအရွှေ့လုပ်ဖို့ တိုက်တွန်းတယ်။ အဲ့ဒီနောက်မှာတော့ ဂက်ပိုက လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့သွားတော့တာပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

ဂက်ပိုဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ နယ်သာလန်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသခဲ့ပြီးနောက် သူ့ကို လီဗာပူးလ်အသင်းက (၅)နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူထားခဲ့ပြီး ဂက်ပိုက လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၁၀)ပွဲအထိ ကစားထားခဲ့ရင်း (၂)ဂိုး သွင်းယူနိုင်ခဲ့သလို သူရဲ့ ပထမဆုံးသော သွင်းဂိုးကိုတော့ မာဆေးဆိုက်ဒါဘီပွဲစဉ်မှာ စတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။