ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမားကြီး တဦး ဖြစ်သူ လီဘော့ဖ်က သူ့ရဲ့ အသင်းဟောင်းဟာ လက်ရှိ အသင်းနည်းပြ အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ချယ်လ်ဆီးရဲ့ နည်းပြအဖြစ် တာဝန်ယူထားတဲ့ ဂရေဟမ် ပေါ်တာက ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ဘရိုက်တန် ကနေ ချယ်လ်ဆီးထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးက ပေါ်တာနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေ အတွက် ဘရိုက်တန်ထံ စုစုပေါင်း နစ်နာကြေး ပေါင် ၃၀သန်း ဝန်းကျင် အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ချယ်လ်ဆီးပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေက ဂရေဟမ် ပေါ်တာကို အများကြီး မျှော်လင့်ခဲ့ကြပြီး ပေါ်တာ တယောက် ချယ်လ်ဆီးရဲ့ ကစားပုံကို ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် တကယ်တမ်းမှာ ပေါ်တာ ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ရာသီအစမှာ တူဟယ်လ် ဦးဆောင်ခဲ့တဲ့ ချယ်လ်ဆီးထက် ကစားပုံပိုင်းရော ၊ ရလဒ်ပိုင်းပါ နိမ့်ပါးနေခဲ့ပါတယ်။

အထူးသဖြင့် ချယ်လ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့သလို ၁ပွဲသရေ ၆ပွဲ အထိ ရှုံးနိမ့်ထားပြီး အက်ဖ်အေဖလားနဲ့ ကားလင်းဖလားတို့လို ပြိုင်ပွဲတွေကနေပါ ထွက်ခွာခဲ့ရပါတယ်။ ချယ်လ်ဆီးကတော့ ပေါ်တာကို ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားတာကြောင့် ရာထူးကနေ ထုတ်ပယ်ဖို့ မစဉ်းစားသေးပေမယ့် ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမားကြီး တဦး ဖြစ်သူ လီဘော့ဖ်က ချယ်လ်ဆီးဟာ ပေါ်တာကို ထုတ်ပယ်သင့်နေပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

Photo Credit: The Sun

လီဘော့ဖ်က – “မစ္စတာ ပေါ်တာရေ… တော်လောက်ပြီ ထင်ပါတယ်ဗျာ။ တခုခုကို ပြောင်းလဲရမယ့် အချိန်ကို ရောက်နေပါပြီ။ (နည်းပြအပြောင်းအလဲ လုပ်သင့်ကြောင်း ပြောကြားခြင်း) ကျွန်တော်က အခု မြင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး အတော်လေး စိတ်ဓာတ်ကျမိပါတယ်။ ပြီးတော့ မလေးမစား လုပ်နေတယ်လို့လည်း ခံစားရတယ်။ သူတို့က ပရိသတ်တွေ အတွက် ကြိုးစား ကစားပေးခဲ့တာမျိုးတောင် မရှိပါဘူး။ လုပ်စမ်းပါ။ အသင်းအတွက် တိုက်ပွဲဝင်ပြစမ်းပါ။ ကျွန်တော်က ချယ်လ်ဆီးကို ဒီလောက် ဆိုးရွားတဲ့ အခြေအနေမျိုးမှာ တခါမှ မမြင်ခဲ့ဖူးပါဘူး။ ကစားသမားတွေက စိတ်ဓာတ် မရှိကြဘူး။ သူတို့က အသင်းအတွက် တိုက်ပွဲဝင်ချင်စိတ် မရှိကြဘူး။ မာနလည်း မရှိကြတော့ပါဘူး” လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။