ဒီနေ့ မနက်အစောပိုင်း အမ်းမရိဒ်စ်ကွင်းမှာ ယှဉ်ပြိုင်သွားခဲ့ကြတဲ့ အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်အာဆင်နယ်က ထရော့ဆာ ဘန်ဝှိုက် ဟာဗက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၅)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရယူသွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ဟာ ဒီရာသီ စတမ်းဖို့ဒ်ဘရစ်ချ်မှာ တွေ့ဆုံခဲ့စဉ်တုန်းက တစ်ဖက်ကို (၂)ဂိုးစီ သရေကျခဲ့ပေမယ့်လည်း အခု အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိဒ်စ်မှာ ပြန်ကစားချိန်မှာတော့ (၅)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်မျိုးနဲ့ နိုင်ပွဲက အတော်လေး ပြတ်ပြတ်သားသား ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Jacobs Ben

ဒီပွဲရဲ့ အစပိုင်းမှာပဲ လတ်တလော အာဆင်နယ်အတွက် အလွန် ဂိုးမြူးနေတဲ့ ဘယ်လ်ဂျီယံ ကြယ်ပွင့်ကစားသမား လီအန်ဒရို ထရော့ဆာက အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ချယ်လ်ဆီးကစားသမားဟောင်း ဟာဗက်ဇ်နဲ့ ညာနောက်ခံလူ ဘန်ဝှိုက်တို့က တစ်ယောက် (၂)ဂိုးစီ ဆက်လက် သွင်းယူခဲ့ပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး အာဆင်နယ် တိုက်စစ်ကစားသမား ထရော့ဆာက “အစောပိုင်းဂိုးက ကျွန်တော်တို့ကို အများကြီး အကူအညီပေးခဲ့ပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် တကယ့်ကို ကောင်းမွန်တဲ့ ညတစ်ညပါပဲ။ အများစုက ဂိုးမပေးရခြင်းက ကျွန်တော်တို့ကို ကူညီပေးတယ်လို့ ပြောကြတယ်။”

Photo Credit : Premier League

“ကျွန်တော်တို့ ဂိုးတစ်ဂိုးတည်းသွင်းပြီး (1-0) ရလဒ်နဲ့ အနိုင်ရနိုင်တယ်ဆိုတာကိုလည်း သိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့က ဒီထက်မက ပိုမိုပြီး ဂိုးတွေ သွင်းယူသွားချင်ပါတယ်။ ဒီပွဲကတော့ တကယ်ကို ပြီးပြည့်စုံတဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ရတယ်။ နောက်ပြီး ဒီပွဲမှာလည်း ကစားသမား အားလုံးက အကောင်းဆုံးနဲ့ ကြိုးစားကစားသွားခဲ့လို့ ထင်ပါတယ်။”

“လက်ရှိမှာ ကျွန်တော်တို့က ကျွန်တော်တို့အလုပ်ကို ဆက်လက် လုပ်ဆောင်သွားဖို့သာ ရှိနေပြီးတော့ အဲ့ဒါကလည်း ပွဲတွေကို အနိုင်ကစားဖို့ပါ။ အခုဆို ကျွန်တော်တို့က လမ်းကြောင်းပေါ်လည်း ရောက်နေပြီ။ လက်ကျန်ပွဲတွေကို အနိုင်ရအောင် ကစားသွားရင်းနဲ့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ကြည့်သွားရပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။