ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ရိုမီယို လာဗီယာဟာ ခြေချင်းဝတ် ဒဏ်ရာကနေ အရှင်း မသက်သာသေးတာကြောင့် ဒီဇင်ဘာလဆန်းပိုင်းမှသာ အသင်းအတွက် စတင် ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။

အသက်(၁၉)နှစ်သာ ရှိနေသေးတဲ့ ကွင်းလယ်ကစားသမား လာဗီယာဟာ ဒီနွေကမှ ဆောက်သမ်တန်ကနေ ချယ်လ်ဆီးအသင်းဆီ ပေါင် (၅၈)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းဆီ စရောက်ချိန်ကတည်းကနေ ခုချိန်ထိ အသင်းအတွက် တစ်ပွဲမှ မကစားရသေးပဲ ဒဏ်ရာနဲ့သာ လုံးပန်းနေရပါတယ်။

Photo Credit : AP News

ဘယ်လ်ဂျီယံ နာမည်ကြီးကလပ် အန်ဒါလက်ချ် လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ လူငယ် ကစားသမားလေး လာဗီယာဟာ ၂၀၂၀မှာ မန်စီးတီး လူငယ်အသင်းဆီ ရောက်ရှိလာရင်းနဲ့ (၂)နှစ်အကြာမှာတော့ ဆောက်သမ်တန်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

ဆောက်သမ်တန်မှာ ပွဲကစားခွင့်တွေ များစွာ ရရှိရင်း ခြေစွမ်းကောင်းတွေ ပြသလာနိုင်တဲ့ လာဗီယာကို အာဆင်နယ် မန်ယူနိုက်တက် ချယ်လ်ဆီး လီဗာပူးလ်တို့က စိတ်ဝင်စားလာခဲ့ပြီး စီးတီးကလည်း buy back နဲ့ ပြန်ခေါ်ယူဖို့ ဟန်ပြင်ခဲ့ပေမယ့် ဈေးကွက်ထဲမှာ ခြေလှမ်းသွက်တဲ့ ချယ်လ်ဆီးက အရခေါ်ယူသွားခဲ့ပါတယ်။

Photo Credit : Goal

အခြားအသင်းတွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ခဲ့တဲ့အပြင် အန်ဇိုဖာနန်ဒက်ဇ် ကိုင်စီဒို လာဗီလာ ဆိုတဲ့ ကွင်းလယ် (၃)ယောက်တန်းက ပရီးမီးယားလိဂ်မှာ အားအကောင်းဆုံး ကွင်းလယ်အစုအဖွဲ့ ဖြစ်လာမယ်လို့ ယူဆခဲ့ရပေမယ့် လာဗီယာကတော့ အခုထိ ချယ်လ်ဆီးအတွက် တစ်မိနစ်တောင် မကစားနိုင်သေးပဲ အနားယူနေရပါတယ်။

ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကိုယ်တိုင် နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင်က လာဗီယာဟာ ခြေချင်းဝတ် ဒဏ်ရာကနေ သက်သာခါစသာ ရှိနေသေးတာဖြစ်လို့ ဆက်လက် အနားယူသွားဖို့ လိုအပ်နေသေးကြောင်း ပြောဆိုထားခဲ့သလို ကြံခိုင်မှု အပြည့်အဝ ရှိနေစေဖို့အတွက် လာမယ့် နိုဝင်ဘာလ တစ်လလုံးနီးပါးအထိပါ ထပ်မံ အနားယူရနိုင်ပါတယ်။