ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ကွင်းလယ်လူသစ် လာဗီယာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၂-၁ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် ပွဲဦးထွက်ပွဲကို ဝင်ရောက် ကစားပေးရင်း အသေးစားဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၁၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား လာဗီယာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ဆောက်သမ်တန် ကနေ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၂၀၃၀ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Football London

ချယ်လ်ဆီးက လာဗီယာအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေခဲ့ရပေမယ့် လာဗီယာက ချယ်လ်ဆီးဆီ မလာခင်မှာ ရခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၂လနီးပါး အနားယူခဲ့ရသလို ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာလည်း ကြံ့ခိုင်မှု ပြည့်ဝဖို့ အတွက် ၁လနီးပါး အချိန်ထပ်ယူခဲ့ရပါတယ်။

ဒါကြောင့်ပဲ လာဗီယာက သူ့ရဲ့ ချယ်လ်ဆီး ကစားသမား ဘဝ ပွဲဦးထွက်ကို ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၂-၁ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်ရောက်မှသာ ကစားနိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါပွဲမှာ လာဗီယာက ခြေစွမ်းကောင်း တချို့ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Chelsea FC

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ လာဗီယာက ကြံ့ခိုင်မှု မပြည့်ဝသေးတာကြောင့် အသေးစားဒဏ်ရာ တခု ထပ်မံ ရရှိသွားခဲ့ပြီး ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကလည်း လာဗီယာဟာ ဒဏ်ရာတချို့ ထပ်ရခဲ့ကြောင်း ပွဲပြီးအင်တာဗျူးမှာ အတည်ပြုသွားခဲ့ပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်က လာဗီယာအတွက် စိုးရိမ်နေပါတယ်။ သူက ပွဲပြီးဆုံးချိန်မှာ ဒဏ်ရာတချို့ ရခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီဒဏ်ရာတွေဟာ ကြီးမားတဲ့ ဒဏ်ရာတွေ မဟုတ်ဖို့ မျှော်လင့်မိပါတယ်” ဆိုပြီး လာဗီယာ တယောက် ဒဏ်ရာ ထပ်ရခဲ့တာကို အတည်ပြုသွားခဲ့တာပဲ ဖြစ်ပါတယ်။