ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ လာဗီယာဟာ ရာသီကုန်ချိန်မှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်ရေး အတွက် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ဆောက်သမ်တန်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ လူငယ်ကြယ်ပွင့် လာဗီယာက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ မန်ချက်စတာ စီးတီး ကနေ ဆောက်သမ်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူပါ။

Photo Credit: Goal

လာဗီယာက ကွင်းလယ်ခံစစ် နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူ့ရဲ့ ရှည်လျားတဲ့ အရပ်အမောင်း ၊ နည်းစနစ်ပိုင်း ကြွယ်ဝမှုနဲ့ ပင်ကိုယ် ကြံ့ခိုင်မှုတို့ကြောင့် ဝက်ပရော့စ်နဲ့ တွဲဖက်ကာ ဆောက်သမ်တန်ရဲ့ ကွင်းလယ်ကို ထိန်းကျောင်းခွင့် ရထားပါတယ်။

လာဗီယာက ဆောက်သမ်တန် အတွက် စုစုပေါင်း ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ နာမည်ကြီးကလပ် တချို့က လာဗီယာကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပါတယ်။

Photo Credit: Goal

လာဗီယာကလည်း ဆောက်သမ်တန်မှာ ပုံမှန် ပွဲထွက်ခွင့် ရနေပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းရဖို့ နီးစပ်နေတဲ့ ဆောက်သမ်တန်ကို စွန့်ခွာကာ နာမည်ကြီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေပြီး ဆောက်သမ်တန်ကသာ တန်းဆင်းခဲ့ရရင် လာဗီယာဟာ အသင်းကို အရင်ဆုံး စွန့်ခွာမယ့် ကစားသမားတွေထဲ ပါဝင်နေပါတယ်။

ဆောက်သမ်တန်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တခု ဖြစ်တဲ့ Saints Xtraရဲ့ ဖော်ပြချက်အရ လာဗီယာရဲ့ ဖခင်ဖြစ်သူက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ သူ့သားရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က တော်မီနေးကို ရောင်းချပြီးရင် သူ့ရဲ့နေရာ အတွက် လာဗီယာကို ပြန်လည် ခေါ်ယူချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။