မန်ချက်စတာ စီးတီးအသင်းရဲ့ စပိန် နောက်ခံ ကစားသမား လာပေါ့တ်ဟာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် နာဆာအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတွေပါ ပြီးဆုံး အောင်မြင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
မန်စီးတီးမှာ ပုံမှန် ပွဲကစားခွင့်တွေ ရရှိဖို့ ရုန်းကန်နေရတဲ့ ခံစစ် ကစားသမား လာပေါ့တ်ကို ဥရောပ ကလပ်အသင်းများစွာ ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အယ်လ် နာဆာကလည်း ဒီအသင်းတွေနဲ့အပြိုင် ကမ်းလှမ်းရင်း နောက်ဆုံးမှာတော့ အယ်လ် နာဆာကပဲ လာပေါ့တ်ကို ခေါ်ယူသွားနိုင်ခဲ့ပါတယ်။
Photo Credit : Goal
တိုက်စစ် နဲ့ ကွင်းလယ်ပိုင်းတွေမှာ ရော်နယ်လ်ဒို မာနေး တာလီစကာ ဘရိုဇိုဗစ် အိုတာဗီယိုတို့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမမယ့်လည်း ခံစစ်ပိုင်းမှာ လိုအပ်ချက် ရှိနေသေးတဲ့ အယ်လ် နာဆာက လာပေါ့တ်လို အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ခံစစ်မှူးမျိုးကို ရရှိလိုက်တာ အသင်းအတွက် အကျိုးရှိစေမှာ သေချာပါတယ်။
အယ်လ် နာဆာအသင်းက လာပေါ့တ် အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀)နဲ့ ကမ်းလှမ်းထားတာဖြစ်ပြီး လာပေါ့တ်ကိုလည်း တစ်နှစ်လုပ်ခအဖြစ် ယူရို သန်း (၂၀)လည်း ပေးချေသွားမယ်လို့ သိရပါတယ်။
Photo Credit : talkSPORT
အခုဆိုရင်တော့ လာပေါ့တ်ဟာ အယ်လ် နာဆာအသင်းနဲ့ ဆေးစစ်မှုတွေလည်း လုပ်ဆောင်ပြီးသွားခဲ့ပြီ ဖြစ်သလို မန်စီးတီးအသင်း ပရိသတ်တွေကို နှုတ်ဆက်တဲ့ ဗီဒီယိုကိုလည်း သူရဲ့ တရားဝင် တွစ်တာ စာမျက်နှာပေါ်ကနေ မျှဝေထားခဲ့ပြီပဲ ဖြစ်ပါတယ်။
အသက် (၂၉)နှစ်အရွယ် စပိန် နောက်ခံလူ လာပေါ့တ်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီကမှ ဘီလ်ဘာအိုကနေ မန်စီးတီးအသင်းဆီ ပေါင် (၅၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး (၅)နှစ်ခွဲအတွင်းမှာ အသင်းအတွက် ပွဲပေါင်း (၁၈၀)အထိ ပါဝင်ကစားခဲ့သလို ချန်ပီယံလိဂ်ဖလား ၊ ဥရောပ စူပါဖလား ၊ ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလား ၊ လိဂ်ဖလား နဲ့ ကွန်မြူနတီဒိုင်းတို့အားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။