စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာကတော့ ချယ်လ်ဆီးနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းနေရတဲ့ လိဒ်ယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာဟာ သူတို့အသင်းဆီ ပြောင်းလာဖို့ သဘောတူထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ချယ်လ်ဆီးတို့က ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းတွေရဲ့ တိုက်စစ်ပိုင်းကို အင်အား မြှင့်တင်ချင်နေတာကြောင့် လိဒ်ယူနိုက်တက်ရဲ့ ကြယ်ပွင့် ကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး နှစ်သင်းစလုံးက ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ လိဒ်ယူနိုက်တက်နဲ့ရော ၊ ကစားသမားနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ ချယ်လ်ဆီးက ရာဖင်ဟာကို ခေါ်ယူဖို့ လိဒ်ယူနိုက်တက်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိထားသလို ဘာစီလိုနာကလည်း ရာဖင်ဟာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပေမယ့် နှစ်သင်းစလုံးဟာ ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ နီးစပ်မှု မရှိသေးတဲ့ အခြေအနေ တရပ်မှာ ရှိနေပါတယ်။

ဘာစီလိုနာရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ လာပေါ်တာကတော့ သူတို့အသင်းဟာ ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေသလို ရာဖင်ဟာကလည်း သူတို့အသင်းဆီ ပြောင်းလာချင်နေကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

Photo Credit: Marca

လာပေါ်တာက – “ကျွန်တော်တို့တွေ ရာဖင်ဟာအတွက် လိဒ်ယူနိုက်တက်နဲ့ ဆွေးနွေးနေသလို သူတို့ကလည်း ကျွန်တော်တို့ဆီ မရောင်းချင်တဲ့ စိတ်ဆန္ဒမျိုး မရှိပါဘူး။ ကျွန်တော်တို့က လိဒ်ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ အဆက်မပြတ် လုပ်ထားသလို ရာဖင်ဟာနဲ့လည်း ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးထားပါသေးတယ်။ အခု ဖြစ်နေတာက တခြားအသင်းတွေကလည်း ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြတာပါ။ ဒါပေမယ့် ရာဖင်ဟာကတော့ ကျွန်တော်တို့ဆီပဲ ပြောင်းလာချင်နေပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။