စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာက သူတို့အသင်းဟာ မကြာသေးခင်ကပဲ အသင်းရဲ့ လူငယ်ကြယ်ပွင့် လာမိုင်း ယာမယ်လ်အတွက် ယူရို ၂၀၀သန်း ဝန်းကျင် ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့် ယာမယ်လ်အပေါ် အပြည့်အဝ ယုံကြည်ချက် ရှိတာကြောင့် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း အတည်ပြု ပြောကြားလာခဲ့ပါတယ်။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ လာမိုင်း ယာမယ်လ်က ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ နည်းပြချုပ် ဇာဗီရဲ့ စင်တင်ပေးမှုနဲ့အတူ ဘာစီလိုနာ အတွက် တောက်လျှောက် ကစားခွင့် ရနေသူပါ။

Photo Credit: Goal

လာမိုင်း ယာမယ်လ်က ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် တည်ငြိမ်မှု အပြည့် ရှိသလို သူ့ရဲ့ အလိမ်အခေါက်စွမ်းရည်က ထိပ်တန်းအဆင့်မှာ ရှိပြီး သူဟာ လက်ရှိမှာ ဥရောပရဲ့ အလိမ်အခေါက်စွမ်းရည် အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲမှာ ပါဝင်နေပါတယ်။

လာမိုင်း ယာမယ်လ်က အလိမ်အခေါက်စွမ်းရည် ကောင်းသလို သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေပါ ရယူနိုင်စွမ်း ရှိကာ သူက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၇ကြိမ် အထိ ရရှိထားပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဥရောပ ထိပ်သီးအသင်းတွေက လာမိုင်း ယာမယ်လ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး ဘာစီလိုနာဥက္ကဌ လာပေါ်တာကတော့ သူတို့အသင်းဟာ လာမိုင်း ယာမယ်လ်အတွက် ယူရို ၂၀၀သန်း ဝန်းကျင် ကမ်းလှမ်းမှု တရပ် ရရှိခဲ့တယ်လို့ ဆိုလာပါတယ်။

လာပေါ်တာက – “ကျွန်တော်တို့အသင်းက လာမိုင်း ယာမယ်လ်အတွက် ရူးသွပ်လောက်စရာ ကမ်းလှမ်းမှုမျိုး ရရှိနေပါတယ်။ အဲ့ဒီကမ်းလှမ်းမှုက ယူရို ၂၀၀သန်းဝန်းကျင် တန်ကြေး ရှိပါတ်။ ဒါပေမယ့် ကျွန်တော်တို့က အဲ့ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ကျွန်တော်တို့က ယာမယ်လ်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့က သူ့ကို ရောင်းချစရာ မလိုပါဘူး။ ကျွန်တော်တို့က ဘယ်လ်ဒီ ၊ ဖာမင်း ၊ ပီဒရီ ၊ ဒီဂျောင် ၊ အာရူဟိုနဲ့ ဂါဗီတို့ အတွက် ကမ်းလှမ်းမှုတွေလည်း ရခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့က အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို ရောင်းချဖို့ စိတ်ကူးမရှိပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။