စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာက သူတို့ရဲ့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကသာ လာမယ့် နွေဈေးကွက်မှာ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေကို ခေါ်ယူလိုက်ရင် အသင်းတွင်း စည်းလုံးမှု ပြိုကွဲတဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲမှာ ပါဝင်သူ ဖြစ်ပြီး သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Goal

အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားရင် သူ နှစ်သက်တဲ့ အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်ဖို့ ရှိနေတာကြောင့် အမ်ဘာပေကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ လက်မှတ်ထိုးကြေး + လုပ်ခလစာ ပေးချေရုံနဲ့ အမ်ဘာပေကို အလွယ်တကူ ခေါ်ယူနိုင်မှာပါ။

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပြီး အမ်ဘာပေကလည်း သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လာချင်နေကာ ရီးရဲလ်မက်ဒရစ်နဲ့ အမ်ဘာပေတို့ ကြားထဲမှာ လုပ်ခလစာ ပမာဏ အတွက် သဘောတူညီမှု ရရှိပြီးပြီ ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Photo Credit: Tribuna

ရီးရဲလ်မက်ဒရစ်နဲ့ အမ်ဘာပေတို့ရဲ့ အပြောင်းအရွှေ့သတင်းက စပိန်ဘောလုံးလောက တခုလုံးမှာ လူပြောအများဆုံးသတင်း ဖြစ်နေပြီး ဘာစီလိုနာရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာကတော့ သူတို့အသင်းဟာ အမ်ဘာပေကို မခေါ်ယူနိုင်စွမ်း မရှိတဲ့ အတွက် ရီးရဲလ်မက်ဒရစ်ကို အားကျတာမျိုး ၊ မနာလိုတာမျိုး မရှိပေမယ့် အမ်ဘာပေရဲ့ လုပ်ခလစာ မြင့်မားမှုက ရီးရဲလ်မက်ဒရစ်ရဲ့ စည်းလုံးမှုကို ထိခိုက်စေနိုင်တယ်လို့ သတိပေးသွားခဲ့ပါတယ်။

လာပေါ်တာက – “ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အပေါ် မနာလို မဖြစ်ပါဘူး။ ဒါပေမယ့် သေချာတာက အမ်ဘာပေရဲ့ အပြောင်းအရွှေ့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အဝတ်လဲခန်းမှာ ပြိုကွဲမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ပြီးတော့ အမ်ဘာပေ ရောက်လာတဲ့ အတွက် ရီးရဲလ်မက်ဒရစ်က သူနဲ့ နေရာတူတဲ့ ကစားသမား တယောက်ကို ရောင်းဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁နေရာထဲမှာ ကစားသမား ၂ယောက်ကို တခါထဲ ထည့်ဆော့လို့ မရဘူးလေ” လို့ ပြောကြားသွားခဲ့တာပါ။