ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ချယ်လ်ဆီးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရကာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အပိုင် သိမ်းနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲက အတော်လေး ကြည့်ကောင်းခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့် အတွက် နိုင်ပွဲ ရအောင် ဦးတည် ကစားခဲ့သလို ချယ်လ်ဆီးကလည်း အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို မရှုံးနိမ့်အောင် အစွမ်းကုန် ရုန်းကန် ကစားသွားခဲ့ပါတယ်။

Photo Credit: Football 365

ဒါပေမယ့် အိမ်ကွင်း အားသာချက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပွဲအစ ၆မိနစ်မှာတင် အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပြီး ဦးဆောင်ဂိုး ရရှိခဲ့ပြီးနောက် ယူနိုက်တက်က ချယ်လ်ဆီးကို ဖိအားပေး ကစားဖို့ထက် တန်ပြန်တိုက်စစ်ကိုသာ အားပြု ကစားသွားခဲ့ပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရတဲ့ ချယ်လ်ဆီးကတော့ ချေပဂိုး ပြန်ရဖို့ အတွက် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ချယ်လ်ဆီးရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ကိုင် ဟားဗက်နဲ့ မူဒရစ်ခ်တို့က အပိုင် ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးတို့ ချေပဂိုး မရခဲ့ပဲ ပွဲချိန် ၄၅+၅မိနစ်မှာ မာရှယ်က ယူနိုက်တက် အတွက် ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Football London

၂-၀ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် မန်ချက်စတာ ယူနိုက်တက်ကသာ ပွဲကို စိုးမိုးသွားနိုင်ခဲ့ပြီး ပွဲချိန် ၇၃မိနစ်နဲ့ ၇၈မိနစ်တွေမှာ ဘရူနို ဖာနန်ဒက်နဲ့ ရက်ဖို့ဒ်တို့က ယူနိုက်တက် အတွက် ဦးဆောင်ဂိုးတွေ ထပ်မံ သွင်းယူပေးခဲ့ကာ ချယ်လ်ဆီး အတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကို ပွဲချိန် ၈၉မိနစ်မှာ ဖီးလစ်က သွင်းယူပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၄-၁ ချယ်လ်ဆီး ပွဲအပြီးမှာ ချယ်လ်ဆီးပရိသတ်တွေက အစဉ်အလာပြိုင်ဘက် ယူနိုက်တက်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ အတွက် နည်းပြလမ်းပတ်နဲ့ ကစားသမားတွေကို ဒေါသထွက်နေကြပေမယ့် ချယ်လ်ဆီးနည်းပြ လမ်းပတ်ကတော့ သူတို့အသင်းဟာ ယူနိုက်တက်ကို ဂိုးပြတ် ရှုံးခဲ့ပေမယ့် ခြေစွမ်းပိုင်းမှာ ပိုကောင်းခဲ့တယ်လို့ ဆိုလာပါတယ်။ လမ်းပတ်က – “အဆုံးသတ် မသေချာတာက ကျွန်တော်တို့ကို ရှုံးပွဲနဲ့ ကြုံတွေ့စေခဲ့တဲ့ အဓိက အကြောင်းပြချက်ပါပဲ။ ပထမပိုင်းမှာ ကျွန်တော်တို့က ကစားပုံအရ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုရော ၊ ဂိုးသွင်းခွင့်တွေရော ကျွန်တော်တို့က ပိုသာခဲ့တာပါ။ ၂-၀ ဆိုတဲ့ ရလဒ် ဖြစ်သွားချိန်မှာ ကျွန်တော်တို့က ကစားပုံပိုင်း အရ ပိုမို နိမ့်ကျသွားခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။