ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို နည်းပြဟောင်းလည်း ဖြစ်တဲ့ ဖရန့် လမ်းပတ်က ယမန်နေ့မှာပဲ ချယ်လ်ဆီးဆီ နည်းပြအဖြစ် တကျော့ပြန် ပြန်လာခွင့် ရခဲ့ပြီး လမ်းပတ်ဟာ ချယ်လ်ဆီးရဲ့ ယာယီနည်းပြ အဖြစ် ရာသီကုန် အထိ ကိုင်တွယ်သွားမှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်းနဲ့ အက်ဖ်အေပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေ အထိ တက်ရောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၃)နဲ့ ပန်းဝင်နိုင်ခဲ့တဲ့ ချယ်လ်ဆီးက ဒီရာသီမှာတော့ ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၂၉) အပြီးမှာ အဆင့်(၁၁)နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ချယ်လ်ဆီးဘုတ်အဖွဲ့က ယခုနှစ် ဘောလုံးရာသီ အစကမှ တူဟယ်လ်ရဲ့ နေရာကို အစားဝင်လာတဲ့ အင်္ဂလိပ်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ကာ အသင်းရဲ့ နည်းပြဟောင်း လမ်းပတ်ကို ရာသီကုန် အထိ ယာယီနည်းပြ အဖြစ် ခေါ်ယူ ခန့်အပ်ခဲ့တာပါ။

ချယ်လ်ဆီးက လမ်းပတ်ကို ရာသီကုန် အထိ ကာလတို စာချုပ်တရပ်နဲ့ ခေါ်ယူ ခန့်အပ်ပြီးနောက် အသင်းကို ကာလရှည် ကိုင်တွယ်နိုင်မယ့် ထိပ်တန်းနည်းပြ တဦးကို ဆက်လက် ရှာဖွေနေပြီး လက်ရှိမှာတော့ ချယ်လ်ဆီးဟာ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂယ်စမန်းနဲ့ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်တို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Express

ချယ်လ်ဆီးက နာဂယ်စမန်းနဲ့ အင်းနရစ်တို့ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပေမယ့် လမ်းပတ်မှာလည်း ချယ်လ်ဆီးရဲ့ အမြဲတမ်းနည်းပြ ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေ ရှိနေပြီး လမ်းပတ်ဟာ ချယ်လ်ဆီးမှာ ကာလရှည် ဆက်ရှိနေချင်ရင် ချန်ပီယံလိဂ် ဆုဖလားကို ယူပြရမှာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksports သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေက သူတို့အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်နိုင်သေးကြောင်းကို ယုံကြည်နေဆဲ ဖြစ်ပြီး လမ်းပတ်ကသာ ချန်ပီယံလိဂ် ဆုဖလားကို ယူပြခဲ့ရင် နာဂယ်စမန်းနဲ့ အင်းနရစ်တို့ထဲက တဦးကို နည်းပြသစ် အဖြစ် မခန့်တော့ပဲ လမ်းပတ်ကိုသာ အမြဲတမ်းနည်းပြ အဖြစ် ဆက်ထားနိုင်ချေ ရှိနေကြောင်း သိရပါတယ်။