စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗလင်စီယာ ၂-၂ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ ကြီးမားတဲ့ အမှားအယွင်း တခုကို ကျူးလွန်ကာ ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးကို ပယ်ဖျက်ခဲ့တဲ့ ကွင်းလယ်ဒိုင် မန်ဇာနိုကို ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း စပိန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဗလင်စီယာနဲ့ ရီးရဲလ်မက်ဒရစ်တို့က လာလီဂါ ပွဲစဉ်(၂၇) အဖြစ် ဗလင်စီယာရဲ့ အိမ်ကွင်းဖြစ်တဲ့ မက်စ်တဲလားကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဗလင်စီယာက ဦးဆောင်ဂိုး ၂ဂိုး သွင်းယူကာ ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ဆင်မှုတွေကို သေချာ မခုခံနိုင်ခဲ့တာကြောင့် ချေပဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။

Photo Credit: Standard

အဆိုပါပွဲမှာ ဗလင်စီယာ အတွက် သွင်းဂိုးတွေကို ပွဲချိန် ၂၇မိနစ်မှာ တိုက်စစ်မှူး ဒူရိုနဲ့ ပွဲချိန် ၃၀မိနစ်မှာ တိုက်စစ်မှူး ယာရန်ချွတ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် ၄၅+၅မိနစ်နဲ့ ၇၆မိနစ်တွေမှာ ဗင်နီးစီးယပ်စ် တဦးထဲက သွင်းယူပေးခဲ့တာပါ။

ဗလင်စီယာ ၂-၂ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ ကွင်းလယ်ဒိုင် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ ဂေးလ် မန်ဇာနိုရဲ့ ဆုံးဖြတ်ချက် အတော်များများက အငြင်းပွားစရာတွေ ဖြစ်ခဲ့ပြီး မန်ဇာနိုရဲ့ အလွဲမှားဆုံး ဆုံးဖြတ်ချက်ကတော့ ရီးရဲလ်မက်ဒရစ်က တိုက်စစ်ဆင်နေချိန် အတွင်းမှာ ပွဲသိမ်းခရာကို မှုတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပါပဲ။

အဆိုပါပွဲရဲ့ နောက်ဆုံးမိနစ်မှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်က ဒီယက်ဇ်ရဲ့ ပေးပို့မှုကနေ လှလှပပ ခေါင်းတိုက်ကာ ဧည့်သည်တွေ အတွက် အဖိုးတန် နောက်ကျအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် မန်ဇာနိုက ဘယ်လင်ဟမ် တယောက် ဘောလုံးကို မထိခင်မှာ ပွဲသိမ်းခရာကို မှုတ်ခဲ့တာကြောင့် ဘယ်လင်ဟမ်ရဲ့ သွင်းဂိုးဟာ အကျုံးမဝင် ဖြစ်ခဲ့ရပါတယ်။

Photo Credit: Goal

စည်းမျဉ်းစည်းကမ်းတွေ အရ ပွဲရဲ့ နောက်ဆုံးမိနစ်မှာ အသင်း တသင်းက တိုက်စစ်ဆင်နေရင် ပွဲချိန်ပြည့်သွားသည့်တိုင် ဘောလုံးက ဘေးစည်းကို ကျော်လွန်သွားချိန် (သို့) ခံစစ်ဆော့နေတဲ့အသင်းက ဘောလုံးကို ပြန်ရသွားချိန် အထိ ပွဲကို ဆက်ကစားခွင့် ပေးရမှာ ဖြစ်ပေမယ့် မန်ဇာနိုကတော့ စည်းကမ်းတွေကို ဘေးချိတ်ပြီး သူ့ရဲ့ ပုဂ္ဂလဆန္ဒအတိုင်း ဘောလုံးက လေထဲကို ရောက်နေချိန်မှာ ပွဲသိမ်းခရာကို မှုတ်ခဲ့တာပါ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့  Archio VARရဲ့ ဖော်ပြချက်အရ လာလီဂါဒိုင်အဖွဲ့ချုပ်က စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာပဲ ပွဲသိမ်းခရာကို အစောကြီး မှုတ်ခဲ့တဲ့ မန်ဇာနိုကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖို့ ဆုံးဖြတ်လိုက်ပြီး မန်ဇာနိုဟာ အချိန်အတော်ကြာသည် အထိ လာလီဂါပွဲတွေကို ကိုင်တွယ်ခွင့် ရတော့မှာ မဟုတ်ကြောင်း သိရှိရပါတယ်။