စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယမန်နေ့ညမှာ လူပြောများသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၃-၂ အယ်မေးရီးယား ပွဲစဉ်နဲ့ ပတ်သတ်ပြီး လာလီဂါအဖွဲ့ချုပ်ဟာ ရီးရဲလ်မက်ဒရစ်ကို ကူညီနေတယ်လို့ သွယ်ဝိုက်ကာ ဝေဖန်မှုတွေ လုပ်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ အယ်မေးရီးယားတို့က လာလီဂါ ပွဲစဉ်(၂၁) အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ ဧည့်သည် အယ်မေးရီးယားက ပထမပိုင်း အပြီးမှာ ၂ဂိုးပြတ် ဦးဆောင်ခွင့် ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးတွေနဲ့ နောက်ကျ အနိုင်ဂိုး ပြန်ပေးခဲ့ရတာကြောင့် အဝေးကွင်းမှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit: Reuters

အဆိုပါပွဲမှာ ရီးရဲလ်မက်ဒရစ်က တပွဲလုံးနီးပါး အယ်မေးရီးယားဘက်ကို တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့တာကြောင့် အနိုင်ရလဒ်နဲ့ ထိုက်တန်တယ်လို့ ဆိုရပေမယ့် မက်ဒရစ် ရရှိသွားတဲ့ ဒုတိယ ချေပဂိုးမှာ ဗင်နီးရှပ်က ဘောလုံးကို တံတောင်နဲ့ ထိမိသလို ဖြစ်နေတာကြောင့် VAR ရှိရက်နဲ့ လက်ထိဘောကို ဂိုးအဖြစ် ခွင့်ပြုပေးရမလား ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် နာကျင်အချိန်ပို ၁၁မိနစ် အထိ ပေးခဲ့မှု ၊ အယ်မေးရီးယားရဲ့ တတိယမြောက် ဦးဆောင်ဂိုးကို ပယ်ဖျက်ခဲ့မှု စတဲ့ ကိစ္စတွေကလည်း အငြင်းပွားစရာတွေ ဖြစ်နေခဲ့ပြီး ဘာစီလိုနာနည်းပြချုပ် ဇာဗီကတော့ လာလီဂါအဖွဲ့ချုပ်နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အကြောင်းကို ပြောရင် သူဟာ ပွဲပယ်ခံရလိမ့်မယ်လို့ ပြောကာ လာလီဂါအဖွဲ့ချုပ်က ရီးရဲလ်မက်ဒရစ်ကို ကူညီနေကြောင်းအား သွယ်ဝိုက်ကာ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Goal

ဇာဗီက – “မက်ဒရစ်ပွဲအကြောင်းလား။ အဲ့ဒီပွဲအကြောင်း ပြောလိုက်ရင် ကျွန်တော်က ပွဲပယ်ခံရပါလိမ့်မယ်။ ဘာတွေဖြစ်သွားလဲ ဆိုတာ လူတိုင်း မြင်ကြတာပဲလေ။ ဂီတာဖေးနဲ့ပွဲ ပြီးကတည်းက တခုခု မှားယွင်းနေပြီ ဆိုတာ သိလိုက်ရပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့တွေ လိဂ်ဖလား ရဖို့ အရမ်းကို ခက်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်က အယ်မေးရီးယားကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရသလို ဇာဗီရဲ့ ဘာစီလိုနာကလည်း ဘက်တစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ နောက်ကျအနိုင်ဂိုးတွေကြောင့်သာ ၂-၄ ဆိုတဲ့ ရလဒ်နဲ့ အဖိုးတန်နိုင်ပွဲကို ပုံဖော်နိုင်ခဲ့တာပါ။