နာပိုလီအသင်းရဲ့ ဂျော်ဂျီယာ တောင်ပံကစားသမား ခွာရတ်စကယ်လီယာဟာ သူ ငယ်စဉ်ကတည်းက အရူးအမူး အားပေး နှစ်သက်ခဲ့ရတဲ့ သူ့ idol ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့အတူ ယှဉ်ပြိုင်ကစားခဲ့ရခြင်းဟာ သူ့အတွက် စိတ်အားတက်ကြွစရာ ဖြစ်ခဲ့ရတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် ဂျော်ဂျီယာ လက်ရွေးစင် ဘယ်တောင်ပံကစားသမား ခွာရတ်စကယ်လီယာဟာ နာပိုလီအသင်းနဲ့အတူ တောက်ပလာခဲ့ရင်း ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း ဂျော်ဂျီယာအတွက် ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ခြေစွမ်းကောင်းတွေပါ ပြသနိုင်ခဲ့ပါတယ်။

Photo Credit : LatestLY

ခွာရတ်စကယ်လီယာရဲ့ ဂျော်ဂျီယာအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီ တူရကီ ချက်တို့နဲ့ တစ်အုပ်စုည်း ကျရောက်ခဲ့ပြီး အားလုံးက အိမ်ဖြည့်အသင်း ဖြစ်လိမ့်မယ်လို့ ယူဆခဲ့ကြပေမယ့် ရမှတ်(၄)မှတ်နဲ့ အကောင်းဆုံး တတိယနေရာ ရရှိခဲ့ကာ ရှုံးထွက် (၁၆)သင်းအဆင့်ဆီကို တက်လှမ်းနိုင်ခဲ့ရပါတယ်။

ဂျော်ဂျီယာအသင်းက ယူရို-၂၀၂၄ အုပ်စုပွဲစဉ် (၂)ပွဲ ကစားပြီးချိန်မှာ တူရကီကို ရှုံးနိမ့်ပြီး ချက်ကို သရေသာ ကစားနိုင်ခဲ့လို့ (၁)မှတ်သာ ရထားသေးချိန် ပေါ်တူဂီနဲ့ အုပ်စုနောက်ဆုံးပွဲမှာတော့ ပေါ်တူဂီကို (၂)ဂိုးပြတ်နဲ့ အံ့အာင့်ဖွယ် အနိုင်ယူကာ ရမှတ်(၄)မှတ်နဲ့ နောက်တစ်ဆင့်တက်သွားခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ ဂျော်ဂျီယာအတွက် အဖွင့်ဂိုးကို ခွာရတ်စကယ်လီယာက သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : CNN

“ကျွန်တော်က ကျွန်တော် ငယ်ငယ်လေးကတည်းက အားပေးခဲ့ရပြီး လေးစား အားကျခဲ့ရတဲ့ ကစားသမားကြီးနဲ့ ယှဉ်ပြိုင် ကစားခဲ့ရတာ။ အဲ့ဒီပွဲမတိုင်ခင်က ဒါဟာ ငါ့ရဲ့ အခိုက်အတန့်တွေ ရောက်လာနေပြီဆိုပြီး ကိုယ့်ကိုကိုယ် အသိပေးခဲ့သလို ကွင်းထဲမှာ တစ်ခုခု လုပ်ပြဖို့ လိုအပ်တယ်ဆိုတာကိုလည်း သိထားခဲ့ပါတယ်။ ကိုယ် လေးစားအားကျရတဲ့ idol ကြီးနဲ့ ယှဉ်ကစားရတာက ကျွန်တော့်အတွက် ကြီးမားတဲ့ စိတ်အားတက်ကြွမှုတစ်ခု ဖြစ်ခဲ့ရတယ်။”

“ဒါက တကယ့်ကို အံ့မခန်းပါပဲ။ သူက ကျွန်တော့်ကို ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့တယ်။ ကျွန်တော် အရမ်းပျော်ရွှင်ခဲ့ရသလို ကျွန်တော်တို့ ဂျော်ဂျီယာအသင်းလည်း အနိုင်ရလိမ့်မယ်လို့ပါ ပိုပြီး ယုံကြည်မိလာခဲ့ပါတယ်။ အဲ့ဒီတုန်းက အသင်းအတွက် ကျွန်တော် အရာအားလုံး ပေးဆပ်ခဲ့ပြီး အသင်းကိုလည်း သမိုင်းဝင် ရလဒ်တစ်ခု ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။” လို့ ခွာရတ်စကယ်လီယာက သူ့အမှတ်တရတွေကို ရင်ဖွင့်သွားခဲ့ပါတယ်။