အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီနဲ့အတူ ယခုနှစ် ဘောလုံးရာသီမှာ တောက်ပနေတဲ့ ကွာရက်စခီလီယာရဲ့ အေးဂျင့်ဖြစ်သူ ဂျက်ဟီလီက တနေ့မှာ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ အိမ်မက်ရှိသူ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဂျော်ဂျီယာ လူငယ်ကြယ်ပွင့် ကွာရက်စခီလီယာက ယခုနှစ် ဘောလုံးရာသီ အစကမှ ဂျော်ဂျီယာကလပ် ဘာတူမီ ကနေ နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၁၁သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက နာပိုလီနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

ကွာရက်စခီလီယာက ယခုနှစ် ဘောလုံးရာသီ အစကမှ နာပိုလီထံ ရောက်လာသူ ဖြစ်ပေမယ့် အသင်းထံ ရောက်ရောက်ချင်းမှာပဲ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ကွာရက်စခီလီယာက ယခုနှစ်ရာသီမှာ နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၅ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေက ကွာရက်စခီလီယာကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကွာရက်စခီလီယာရဲ့ အေးဂျင့်ဖြစ်သူ ဂျက်ဟီလီက သူနဲ့ ကွာရက်စခီလီယာတို့ရဲ့ ဖခင်တို့ဟာ ဘာစီလိုနာရဲ့ ပရိသတ်တွေ ဖြစ်တာကြောင့် ကွာရက်စခီလီယာကို ဘာစီလိုနာမှာ ကစားစေချင်ပေမယ့် ကွာရက်စခီလီယာရဲ့ အိမ်မက်ဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့သာ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

 

ဂျက်ဟီလီက – “ကျွန်တော်နဲ့ ကွာရက်ရဲ့ အဖေတို့က ဘာစီလိုနာ ပရိသတ်တွေပါ။ ဒါပေမယ့် ကွာရက်ကတော့ ရီးရဲလ်မက်ဒရစ်ကို သဘောကျတဲ့သူပါ။ ကျွန်တော်က ကွာရက် တယောက် ဘာစီလိုနာမှာ ကစားတာကို မြင်ရရင် အတော်လေး ပျော်မိမှာ ဖြစ်ပေမယ့် ကွာရက်ရဲ့ အိမ်မက်ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမား တယောက် ဖြစ်ဖို့ပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။