ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက မကြာခင်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေ အတွက် ပထမဦးဆုံး အစားထိုးမှု အဖြစ် နာပိုလီကြယ်ပွင့် ခွာဗရက်စခီလီယာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ပီအက်စ်ဂျီနဲ့ ပြင်သစ်တို့ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၃ဦး စာရင်းဝင်သူ ဖြစ်သလို ပီအက်စ်ဂျီရဲ့ အဓိက ဂိုးသွင်းစက် ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမားဘဝ အတွက် ပီအက်စ်ဂျီကို စွန့်ခွာကာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းဖို့ ဆုံးဖြတ်ထားပြီး မကြာခင်မှာ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူနိုင်ကြောင်းအား တရားဝင် ထုတ်ပြန် ကြေညာပါတော့မယ်။

Photo Credit: Football 365

အမ်ဘာပေလို ၁နှစ်ကို သွင်းဂိုး ၄၀ဂိုး ဝန်းကျင် သွင်းယူပေးနိုင်တဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးကို လက်လွှတ်ရတော့မှာ ဖြစ်တာကြောင့် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် အင်းနရစ်နဲ့ တာဝန်ရှိသူတွေက အမ်ဘာပေရဲ့ ကွက်လပ်ကို ဖြည့်တင်းဖို့ အစွမ်းကုန် ပြင်ဆင်နေကြပြီး အင်းနရစ်ကတော့ သူတို့အသင်းဟာ အမ်ဘာပေရဲ့ ကွက်လပ်ကို ထိပ်တန်း ကစားသမား ၂ဦး (သို့) ၃ဦးခန့် ခေါ်ယူကာ ပြန်လည် ဖာထေးမယ်လို့ ပြောထားပါတယ်။

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် ဂျော်ဂျီယာ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ခွာဗရက်စခီလီယာက နာပိုလီရဲ့ အဓိက တိုက်စစ်ကစားသမား တဦး ဖြစ်ပြီး ခွာဗရက်စခီလီယာက ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံးကို အသုံးပြုနိုင်တာကြောင့် ဘယ်တောင်ပံနဲ့ ညာတောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Standard

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည်ရတဲ့ ပြင်သစ်သတင်းဌာန L’equipeရဲ့ ဖော်ပြချက်အရ ခွာဗရက်စခီလီယာက ယမန်နေ့မှာပဲ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်တာကြောင့် ပီအက်စ်ဂျီဟာ ခွာဗရက်စီလီယာ အတွက် နာပိုလီနဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းဖို့သာ လိုအပ်တော့ကြောင်း သိရှိရပါတယ်။

အီတလီအခြေစိုက် သတင်းရင်းမြစ်တွေက နာပိုလီဟာ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို လက်မလွှတ်ဘူးလို့ ဖော်ပြနေကြပေမယ့် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ ပီအက်စ်ဂျီက ခွာဗရက်စခီလီယာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် သုံးစွဲမယ် ဆိုရင် ခွာဗရက်စီခီလီယာကို ခေါ်ယူနိုင်ဖွယ် ရှိကြောင်း သုံးသပ်ထားကြပါတယ်။