တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ဆွီဒင် တောင်ပံကစားသမား ဒီဂျန် ကူလူဆက်ဗ်စကီးက သူတို့အသင်းအနေနဲ့ ဒုတိယပိုင်း စွမ်းဆောင်ချက်တွေအရ မန်စီးတီးအသင်းကို အနိုင်ယူခဲ့သင့်တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်း နဲ့ စပါးအသင်းတို့ဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရင်ဆိုင်ခဲ့ကြပြီး တစ်ဖက်ကို (၃)ဂိုးစီနဲ့ သရေကျခဲ့တာကြောင့် မန်စီးတီးက နောက်ဆုံး (၃)ပွဲဆက်တိုက်အထိ သရေကျခဲ့ရတာ ဖြစ်ပေမယ့် စပါးအသင်းကတော့ (၃)ပွဲဆက်တိုက် ရှုံးပွဲဆက်နေမှုကို ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်။

Photo Credit : NZ Herld

ဒီပွဲစဉ်မှာ အိမ်ရှင် မန်စီးတ်ီးအသင်းက (၃)ဂိုး (၂)ဂိုးနဲ့ ဦးဆောင်ထားနေချိန် ပွဲပြီးခါနီး မိနစ်(၉၀)အရောက်မှာပဲ ကူလူဆက်ဗ်စကီးက စပါးအသင်းအတွက် တတိယမြောက် ချေပဂိုးကို သွင်းယူခဲ့ရင်း တစ်ဖက် (၃)ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။

“ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာ ကျွန်တော်တို့တွေ အခွင့်အရေးတွေ လုံလုံလောက်လောက် ရရှိခဲ့တာကြောင့် အနိုင်ရချင်ခဲ့ပါတယ်။ ဒုတိယပိုင်းထဲ မယုံနိုင်စရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုးတွေ ပြသနိုင်ခဲ့ပြီး ဒီလို ပုံစံအတိုင်း ကျွန်တော်တို့တွေ တစ်ရာသီလုံး ကစားဖို့ လိုပါတယ်။”

 

Photo Credit : Livescore

“ကျွန်တော်တို့ အသင်းဖော်တွေအတွက် တကယ် ဂုဏ်ယူမိပါတယ်။ ပွဲက အတော်လေး ခက်ခဲခဲ့ပါတယ်။ တတိယ ဦးဆောင်ဂိုး ပေးလိုက်ရတာကတော့ တကယ် ဆိုးရွှားလွန်းပါတယ်။ ကျွန်တော်တို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပိုကောင်းအောင် လုပ်နိုင်မယ်ဆိုရင် ရာသီကုန်မှာတော့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်မှာပါ။”

“နည်းပြကြီးကတော့ ကျွန်တော်တို့ရဲ့ ပထမပိုင်း ကစားပုံနဲ့ ပတ်သက်ပြီး ဒေါသထွက်နေသေးတယ်။ သူက ကျွန်တော်တို့ကို သေချာကစားဖို့ မှာကြားခဲ့ပါတယ်။” လို့ ကူလူဆက်ဗ်စကီးက ပြောကြားသွားခဲ့ပါတယ်။