ဝက်စ်ဟမ်း ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား မိုဟာမက် ကူဒက်စ်က မန်ချက်စတာ ယူနိုက်တက်အသင်း ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ သူ့အတွက် အခက်ခဲဆုံးသော ပြိုင်ဘက်တစ်ဦး ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ဂါနာ လက်ရွေးစင် ကြယ်ပွင့်ကစားသမား ကူဒက်စ်ဟာ ဒီရာသီမှာ မန်ယူနိုက်တက်အသင်းနဲ့ (၂)ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရပြီး ယူနိုက်တက်ဘက်ကိုလည်း (၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကူဒက်စ်ဟာ အဲ့ဒီ (၂)ပွဲလုံးမှာလည်း ဝက်စ်ဟမ်းအတွက် အတော်လေး ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

အဲ့ဒီ (၂)ပွဲလုံးအတွင်းမှာလည်း ကူဒက်စ်က ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောနဲ့ (၂)ကြိမ်လုံး ရင်ဆိုင်ခဲ့ရပြီး ဒီလို ရင်ဆိုင်ခဲ့ရမှုက သူ့အတွက် ခက်ခဲမှုတွေ ရှိခဲ့ရတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ The Times နဲ့ အင်တာဗျူးမှာ ကူဒက်စ်က သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်ကစားသမားဟာ လုခ်ရှောပါလို့ ပြောကြားသွားခဲ့ပါတယ်။

“ပရီးမီးယားလိဂ်မှာဆိုရင် ဘယ်အသင်းကိုမှ လျှော့တွက်လို့ မရပါဘူး။ ကစားရတဲ့ ပွဲတိုင်းကလည်း ခက်ခဲပါတယ်။ ကျွန်တော် အေဂျက်စ်အသင်းမှာ ကစားခဲ့စဉ်တုန်းကဆိုရင် (၆၀)% (၇၀)%လောက်ပဲ သွားနေမယ်ဆိုရင်တောင် နိုင်ပွဲရဖို့က သေချာသလောက်ပါပဲ။”

Photo Credit : ManUnitedZone

“ဒါပေမယ့် ဒီမှာကတော့ အသင်းငယ်လေးတွေကတောင်မှ အံ့အားသင့်စရာတွေ လုပ်ပြနိုင်ပါတယ်။ ပွဲတိုင်းက အလွန်ပြင်းထန်လွန်းတာကြောင့် လုံးဝ အကြိတ်အနယ်ကို ယှဉ်ပြိုင်ရတာ။ ဒီလို ပြိုင်ဆိုင်ရတာကိုတော့ ကျွန်တော် တကယ် သဘောကျပါတယ်။”

ကူဒက်စ်ဟာ ဒီရာသီမှ အေဂျက်စ်ကနေ ဝက်စ်ဟမ်းအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းမှာ အကောင်းဆုံး စွမ်းဆောင်မှုကောင်းတွေ ပြသနိုင်ခဲ့သလို အသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံ (၃၇)ပွဲကစား (၁၅)ဂိုးအထိ သွင်းယူကာ (၅)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။