ပူပူနွေးနွေး စပိန်လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ တိုနီခရူးစ်က ဒီရာသီမှာ သူတို့အသင်းဟာ အခြား လာလီဂါအသင်းတွေထက် အပြတ်အသတ် အသာစီး ရခဲ့ပြီး သူတို့ကို ယှဉ်နိုင်တဲ့အသင်း မရှိလို့ စိတ်မလှုပ်ရှားရတော့ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် ကွင်းလယ်လူ တိုနီခရူးစ် ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်က ယခုနှစ် ဘောလုံးရာသီမှာ တည်ငြိမ်တဲ့ ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာပဲ လာလီဂါ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ရီးရဲလ်မက်ဒရစ်က လာလီဂါ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို စပိန်စူပါဖလားပြိုင်ပွဲမှာလည်း ဗိုလ်စွဲထားတာကြောင့် ဒီရာသီမှာ စပိန်ပြည်တွင်းဖလား ၂လုံး အထိ သိမ်းပိုက် ရယူထားနိုင်ပြီး ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ယှဉ်နိုင်တဲ့ စပိန်အသင်း ဆိုတာ မရှိခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကပြိုင်ဘက်လို့ ဆိုရမယ့် ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းတွေကြောင့် အကျဘက်ကို ရောက်သွားချိန်မှာ ရီးရဲလ်မက်ဒရစ်က စပိန်နိုင်ငံရဲ့ နံပါတ်(၁)အသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို အသာတကြည် ရယူနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ရီးရဲလ်မက်ဒရစ်က ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပါသေးတယ်။

Photo Credit: Standard

ကွင်းတွင်း ၊ ကွင်းပြင် အောင်မြင်မှုတွေ ဆက်တိုက် ရယူထားနိုင်တာကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားတွေဟာ သူတို့အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူနေကြပြီး တိုနီခရူးစ်ကတော့ စပိန်နိုင်ငံမှာ သူတို့အသင်းကို ယှဉ်နိုင်တဲ့အသင်း မရှိတော့ဘူးလို့ ကြွေးကြော်လာခဲ့ပါတယ်။

တိုနီခရူးစ်က – “ဒီနှစ် လာလီဂါပြိုင်ပွဲမှာ ကျွန်တော်တို့က တခြားအသင်းတွေထက် အပြတ်အသတ် အသာရခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က လာလီဂါပွဲတွေ ကစားရင် စိတ်လှုပ်ရှားတာမျိုးတောင် မဖြစ်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဒီအခြေအနေ အတွက် ပျော်မိပါတယ်။ ဘာစီလိုနာက ဂျီရိုနာကို ရှုံးသွားတဲ့ အတွက် ကျွန်တော်တို့က လာလီဂါချန်ပီယံ အဖြစ် စောစောစီးစီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲက ကျွန်တော်တို့ အတွက် အောင်ပွဲ ၂ကြိမ် (လာလီဂါချန်ပီယံ ဖြစ်တာနဲ့ ဘာစီလိုနာ ရှုံးတာ) ရခဲ့တဲ့ ပွဲပါ” လို့ ပြောကြားသွားခဲ့တာပါ။