ဒေါ့မွန်အသင်းဟာ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ရီးယဲလ် မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းက အောက်ကြေးအသင်းဆိုတဲ့ အနေအထားကို လက်ခံထားကြောင်း နည်းပြ နီကို ကိုဗာ့ချ်က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ်အသင်းဟာ လွန်ခဲ့တဲ့တစ်နှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် အကြွေးဆပ်ဖို့ ရည်မှန်းနေပါတယ်။
ဒေါ့မွန်အသင်းဟာ (၁၁)ပွဲဆက် ရှုံးပွဲမရှိစံချိန်နဲ့ ခြေစွမ်းပြနေပေမယ့် နယူးဂျာစီပြည်နယ် အရှေ့ရပ်သာဖို့ဒ်မြို့က ပြင်းထန်တဲ့အပူချိန်အောက်မှာ လာလီဂါထိပ်သီး ရီးယဲလ် မက်ဒရစ်ကို ရင်ဆိုင်ရမှာဖြစ်လို့ ခက်ခဲတဲ့စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ နည်းပြ ကိုဗာ့ချ်ကတော့ ပွဲကျင်းပမယ့် MetLife အားကစားကွင်းမှာ ရီးယဲလ်ကို အားပေးမယ့် ပရိသတ်အများအပြားနဲ့ ပြည့်ကျပ်နေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
Photo Credit : Opta Analyst
“ကစားသမားတွေက မနက်ဖြန် ရီးယဲလ် မက်ဒရစ်နဲ့ ရင်ဆိုင်ရတာ ဘယ်လောက်အရေးကြီးလဲဆိုတာကို ကောင်းကောင်းသိကြပါတယ်။ ရီးယဲလ် မက်ဒရစ်ကို အားပေးမယ့် ပရိသတ်တွေ အများကြီးလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က ဒီပွဲမှာ အောက်ကြေးအသင်းဆိုပေမယ့် ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို ပြသချင်ပါတယ်။ ကျွန်တော်တို့ ယုံကြည်ထားတဲ့အတိုင်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ကိုဗာ့ချ်က MetLife အားကစားကွင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ရီးယဲလ် မက်ဒရစ်ဟာ ဒေါ့မွန်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (၆)ကြိမ်မှာ ရှုံးပွဲမရှိခဲ့ဘဲ နောက်ဆုံး (၄)ကြိမ်ဆက်တိုက် အနိုင်ရရှိထားပါတယ်။ အဲဒီထဲမှာ မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲလည်း ပါဝင်ပါတယ်။
Photo Credit : Reuters
ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကိုဗာ့ချ် တာဝန်ယူပြီးနောက်ပိုင်း အသင်းရဲ့ပုံစံက ပြန်လည်ကောင်းမွန်လာခဲ့တာကြောင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်ဖို့ ဂျာမန်ကလပ်က မျှော်လင့်နေပါတယ်။ ခရိုအေးရှားလူမျိုးနည်းပြက သူ့အသင်းဟာ ရီးယဲလ်ကို ရင်ဆိုင်ဖို့ အမြင့်ဆုံး ယုံကြည်မှုအဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။
“ရီးယဲလ် မက်ဒရစ်လိုအသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ရာသီသိမ်းတုန်းက ဘွန်ဒက်စ်လီဂါမှာ အဆင့် (၄) နေရာနဲ့သာ ရပ်တည်ခဲ့ပေမယ့် အဲဒါက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ရလဒ်ပါ။ ပြိုင်ဘက်ကြီးတွေနဲ့ ခက်ခဲတဲ့ပွဲတွေကို ကစားခဲ့ရတယ်။ ကစားသမားတွေက အသင်းကြီးအားလုံးနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသခဲ့ပြီးပါပြီ။ ဒါကြောင့် ကျွန်တော့်ကစားသမားတွေကို ယုံကြည်ဖို့အတွက် ဒါက အဓိကအကြောင်းပြချက်ပါပဲ။ အမြင့်ဆုံးအဆင့်မှာ ကစားနိုင်ဖို့ မနက်ဖြန်မှာ ဘာတွေလိုအပ်မလဲဆိုတာ သူတို့ ကောင်းကောင်းသိကြပါတယ်။” ဟု နည်းပြ ကိုဗာ့ချ်က ပြောကြားခဲ့ပါတယ်။