ဘာစီလိုနာနောက်ခံလူ ဂျူးလ်စ် ကွန်ဒေးက သူ့ရဲ့ကလပ်အသင်းဖော် လာမင်း ယာမယ်လ်ဟာ ဘာလွန်းဒေါဆုကို အူစမန် ဒမ်ဘီလီထက် ပိုမိုရရှိသင့်ကြောင်း ထောက်ခံပြောကြားလိုက်ပြီး အသင်းရဲ့အဓိကရည်မှန်းချက်မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ရေးဖြစ်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
ပြင်သစ်နောက်ခံလူ ကွန်ဒေးဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိမယ့် ရေရှည်စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီးနောက် မီဒီယာများနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဆိုပါတွေ့ဆုံမှုမှာ သူက လာမယ့်ရာသီအတွက် အသင်းရဲ့ ရည်မှန်းချက်တွေကို ပြောပြခဲ့သလို ဘာစီလိုနာကြယ်ပွင့်လေး ယာမယ်လ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ဒမ်ဘီလီတို့ကြားက ဘာလွန်းဒေါဆုပြိုင်ပွဲအပေါ် သူ့ရဲ့အမြင်ကိုလည်း မျှဝေခဲ့ပါတယ်။
Photo Credit : Goal
အသက် (၁၈)နှစ်အရွယ် လာမင်း ယာမယ်လ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာရဲ့ ပြည်တွင်းအောင်မြင်မှုတွေအတွက် အဓိကမောင်းနှင်အားဖြစ်ခဲ့ပြီး အသင်းကို လာလီဂါ ကိုပါဒယ်လ်ရေးနဲ့ စပိန်စူပါဖလားဆိုတဲ့ ပြည်တွင်းဖလားသုံးလုံး ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဖန်တီးနိုင်စွမ်း ဂိုးသွင်းအရည်အသွေးနဲ့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်မှုတွေကြောင့် ကမ္ဘာ့ဘောလုံးလောကရဲ့ အတောက်ပဆုံး ကြယ်ပွင့်လူငယ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဘာစီလိုနာကစားသမားဟောင်း ဒမ်ဘီလီကတော့ ၂၀၂၃ မှာ ဘာစီလိုနာကနေ ထွက်ခွာပြီးနောက် သူ့ရဲ့ကစားသမားဘဝကို အမြင့်တစ်နေရာကို ပို့ဆောင်နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကို ကလပ်သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလား အပါအဝင် သမိုင်းဝင်ဖလားသုံးလုံးရအောင် ဦးဆောင်နိုင်ခဲ့သူပါ။
Photo Credit : Goal
ကစားသမားနှစ်ဦးလုံးဟာ ဘာလွန်းဒေါဆုအတွက် ရေပန်းစားနေကြပြီး ဆုပေးပွဲကို လာမယ့် စက်တင်ဘာလ (၂၂)ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ အသက် (၂၆)နှစ်အရွယ် ကွန်ဒေးက ဥရောပရဲ့ ထိပ်တန်းဆုဖလားဟာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ကြောင်း အခုလို ဝန်ခံခဲ့ပါတယ်။ “ရာသီတိုင်းရဲ့အစမှာ ကျွန်တော်တို့ ရည်မှန်းချက်တွေ ထားရှိပါတယ်။ ဘာစီလိုနာလိုအသင်းမျိုးမှာ ကစားနေရပြီး လက်ရှိအသင်းလူစာရင်းနဲ့ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းတွေအရဆိုရင် ချန်ပီယံလိဂ်ဟာ အဓိကရည်မှန်းချက် ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဒါက စွဲလမ်းမှုတစ်ခုတော့ မဟုတ်ပါဘူး။” လို့ ဆိုပါတယ်။
ယာမယ်လ်နဲ့ ဒမ်ဘီလီတို့နှစ်ဦးထဲက ဘယ်သူ ဘာလွန်းဒေါဆုနဲ့ ပိုထိုက်တန်သလဲလို့ မေးမြန်းခံရချိန်မှာတော့ သူက ရယ်မောပြီး “ခင်ဗျားက ကျွန်တော့်ကို ခက်ခဲတဲ့အခြေအနေထဲ တွန်းပို့နေတာပဲ။ ဒါပေမဲ့ ကျွန်တော် နှိမ့်ချပြီးပဲ ပြောပါရစေ။ သူ (ယာမယ်လ်) က ဒီဆုနဲ့ ထိုက်တန်ပါတယ်။ ဟုတ်ပါတယ်၊ သူနဲ့ထိုက်တန်ပါတယ်” လို့ ယာမယ်လ်ကို ရည်ညွှန်းပြီး ဖြေကြားခဲ့ပါတယ်။