ဘာစီလိုနာအသင်းရဲ့ ပြင်သစ် ဗဟိုနောက်ခံ ကစားသမား ခွန်ဒဲဟာ လက်ရှိ အသင်းမှာ သူ ကစားနေကျ နေရာမထက် ညာခြမ်းခံစစ် နေရာအတွက်ကိုပဲ ကစားနေရခြင်းအပေါ် သဘောမကျတာကြောင့် လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနိုင်တယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Barca Blaugranes
အသက်(၂၄)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ ခွန်ဒဲဟာ ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ ဆီဗီလာအသင်းကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၃၈)ပွဲအထိ ကစားထားနိုင်ခဲ့ပါတယ်။ ခွန်ဒဲက ဗဟိုခံစစ် ကစားသမားတစ်ဦးဖြစ်ပြီး လိုအပ်မှသာ ညာခြမ်းကို ထွက်ကစားတတ်သူ ဖြစ်ပေမယ့်လည်း ဘာစီလိုနာ နည်းပြ ဇာဗီက ခွန်ဒဲကို right-back အဖြစ် ပွဲပေါင်း (၂၁)ပွဲ အသုံးပြုခဲ့ပြီး centre-back အဖြစ်တော့ (၁၇)ပွဲသာ ကစားစေခဲ့ပါတယ်။
Photo Credit : Barca Blaugranes
လက်ရှိ ဘာစီလိုနာအသင်းရဲ့ ညာခြမ်းမှာ ရောဘတ်တို တစ်ဦးတည်းသာ ရှိနေချိန် ရောဘတ်တို ဒဏ်ရာရနေချိန်မှာ အသင်းရဲ့ ညာခြမ်းခံစစ်အတွက် ခွန်ဒဲကို အသုံးပြုခြင်းအပေါ် ခွန်ဒဲက စိတ်တိုင်းမကျပဲ ဖြစ်နေပါတယ်။ နည်းပြ ဇာဗီက အသင်းရဲ့ ဗဟိုခံစစ်ပိုင်းမှာ အာရူဟို နဲ့ ခရစ္စတန်ဆန်တို့ အတွဲအဖက်ကိုသာ ဦးစားပေး အသုံးပြုနေပြီး ခွန်ဒဲကိုတော့ ညာခြမ်းမှာပဲ အသုံးပြုနေသလို ပြီးခဲ့တဲ့ ဆိုစီဒက်နဲ့ လာလီဂါပွဲမှာလည်း ခွန်ဒဲကို CB နေရာ အသုံးပြုခဲ့ပေမယ့် ဒုတိယပိုင်း ပြန်အစမှာပဲ လူစားလဲသွားခဲ့ပါတယ်။
Photo Credit : The Independent
ဘာစီလိုနာက လာမယ့် နွေမှာလည်း ဘီလ်ဘာအိုက ခံစစ် ကစားသမား အင်နီဂိုမာတီနက်ဇ်ကိုပါ ခေါ်ယူသွားချင်နေပြီး ဒီကစားသမားသာ အသင်းကို ရောက်လာမယ်ဆိုရင်တော့ ခွန်ဒဲက အသင်းရဲ့ right-back မှာသာ ပုံမှန် ကစားသွားရဖို့ ရှိနေပါတယ်။ ဒါကြောင့် ခွန်ဒဲက နွေဈေးကွက်အတွင်း သူ့ကို ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုတွေကို နားစွှင့်သွားဖို့ ရှိနေပြီး ဘာစီလိုနာကလည်း right-back ကစားသမားတစ်ဦးကိုပါ ထပ်မံ ခေါ်ယူသွားရဖွယ်လည်း ရှိနေပါတယ်။