ယခု နွေအပြောင်းအရွှေ့ အတွင်းမှာ ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဂျူဗင်တပ် ၊ ဘာစီလိုနာနဲ့ ချယ်လ်ဆီးတို့ရဲ့ ချိတ်ဆက်မှုတွေကို ခံနေရတဲ့ နာပိုလီ ဗဟိုခံစစ်မှူး ကူလီဘလီက ဂျူဗင်တပ်နဲ့ ချယ်လ်ဆီးတို့ထက် ဘာစီလိုနာဆီသာ ပြောင်းရွှေ့ချင်နေကြောင်း အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် ဗဟိုခံစစ်မှူး ကူလီဘလီက လက်ရှိ စီးရီးအေရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းနဲ့ အသင်းကို ခေါင်းဆောင်နိုင်မှုတို့ကြောင့်ပဲ ဂျူဗင်တပ် ၊ ဘာစီလိုနာနဲ့ ချယ်လ်ဆီးတို့ သုံးသင်းစလုံးက သူ့ကို ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေတာပါ။

Photo Credit: Football Italia

လက်ရှိမှာ ဂျူဗင်တပ်နဲ့ ဘာစီလိုနာတို့က ကူလီဘလီကို ခေါ်ယူနိုင်ဖို့ တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ချယ်လ်ဆီးကတော့ ကူလီဘလီကို ခေါ်ယူဖို့ စိတ်ဝင်စားဆဲ အဆင့်မှာသာ ရှိနေပါသေးကာ ဂျူဗင်တပ်က ကူလီဘလီအတွက် ယမန်နေ့မှာပဲ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

ဒါပေမယ့် ကူလီဘလီကတော့ နာပိုလီရဲ့ ပြည်တွင်းပြိုင်ဘက် ဖြစ်တဲ့ ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိသလို သူ့ရဲ့ အသက်အရွယ်ကြောင့် ကြံ့ခိုင်မှု အားကိုးရတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီလည်း မပြောင်းရွှေ့ချင်တာကြောင့် ဘာစီလိုနာဆီသာ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပြီး ဘာစီလိုနာဆီ မပြောင်းနိုင်မှသာ ချယ်လ်ဆီး ၊ ဂျူဗင်တပ် စသဖြင့် အစဉ်လိုက် ပြောင်းရွှေ့ဖို့ စီစဉ်ထားကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက ဆိုပါတယ်။

Photo Credit: Football Italia

ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ကူလီဘလီက ချယ်လ်ဆီး ၊ ဂျူဗင်တပ်နဲ့ ဘာစီလိုနာတို့ အားလုံးရဲ့ ချိတ်ဆက်မှုတွေကို လက်ခံရရှိထားပေမယ့် ဘာစီလိုနာနဲ့သာ ဆွေးနွေးမှုတွေ ပြုလုပ်ချင်နေကာ ဘာစီလိုနာကတော့ သူတို့အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းပြီးမှ ကူလီဘလီကို ခေါ်ယူဖို့ ကြိုးစားလာနိုင်ကြောင်း သိရပါတယ်။

နာပိုလီကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင် ကူလီဘလီကို အလွယ်တကူ မဆုံးရှုံးလိုပဲ ကူလီဘလီ အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင် လိုချင်နေကြောင်းလည်း နာပိုလီနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။