အီတလီ စီးရီးအေ နာမည်ကြီးကလပ် အတ္တလန်တာရဲ့ အဓိက ကွင်းလယ်လူ ကော့ပ်မိုင်နာက သူဟာ လာမယ့် နွေဈေးကွက်မှာ အတ္တလန်တာကို စွန့်ခွာကာ သူ့ရဲ့ ကစားသမား ဘဝ အတွက် အကောင်းဆုံးဖြစ်မယ့် အသင်းသစ်ဆီ ပြောင်းရွှေ့တော့မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ကော့ပ်မိုင်နာက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ အတ္တလန်တာ အတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။

Photo Credit: Goal

ကော့ပ်မိုင်နာက ယခုနှစ် ဘောလုံးရာသီမှာ အတ္တလန်တာနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို သူနဲ့ အတ္တလန်တာရဲ့ စာချုပ်က လာမယ့် ၂၀၂၇ခုနှစ် ရောက်မှ ကုန်ဆုံးဖို့ ရှိနေပေမယ့် ကော့ပ်မိုင်နာကတော့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ လာမယ့် နွေဈေးကွက်မှာ အတ္တလန်တာကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

အတ္တလန်တာကို စွန့်ခွာတော့မယ့် အကြောင်းကို ကော့ပ်မိုင်နာက – “ကျွန်တော်က လာမယ့် နွေဈေးကွက်မှာ အသင်းပြောင်းချင်တဲ့ အကြောင်းကို အတ္တလန်တာဆီ အသိပေးပြီးပါပြီ။ ဒီနှစ်မှာ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှု တချို့ ရလာဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်က အတ္တလန်တာမှာ အရမ်းကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့ပါတယ။ ဒါကြောင့် ကျွန်တော့်အတွက် သူတို့က များပြားလှတဲ့ ငွေကြေး ပမာဏ တခု ရဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

Photo Credit: Football Italia

လက်ရှိမှာ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ် ၊ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ဥရောပ ထိပ်သီးအသင်း တချို့က ကော့ပ်မိုင်နာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကော့ပ်မိုင်နာကတော့ သူ့ရဲ့စကားအတိုင်း ကမ်းလှမ်းမှုတွေ အားလုံးကို လက်ခံပြီးမှ ဘယ်အသင်းဆီ ပြောင်းမလဲ ဆိုတာ ဆုံးဖြတ်ချက် ချဖွယ် ရှိနေပါတယ်။

အတ္တလန်တာကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ကော့ပ်မိုင်နာ အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိနေပြီး နယ်သာလန်နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ရှိနေသလို အတ္တလန်တာနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်က ကော့ပ်မိုင်နာရဲ့ အသင်းသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။