လီဗာပူးလ်အသင်းရဲ့ ကြယ်ပွင့်နောက်ခံလူ အီဘရာဟီမာ ကိုနာတေးရဲ့ စာချုပ်သစ်ကိစ္စဟာ အသင်းအတွက် စိုးရိမ်စရာကောင်းတဲ့ ပုံစံတစ်ခုကို ဦးတည်နေပါတယ်။ စပိန်ရဲ့ နာမည်ကြီးသတင်းဌာန Marca ရဲ့ ဖော်ပြချက်အရ ပြင်သစ်နောက်ခံလူ ကိုနာတေးဟာ အန်ဖီးလ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းရဲ့ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး ရီးရဲလ် မက်ဒရစ်အသင်းက သူ့ကို ထပ်မံချဉ်းကပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

အလားတူအခြေအနေမျိုးနဲ့ အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ထရန့် အလက်ဇန်းဒါး အာနိုးကို စပိန်ထိပ်သီးအသင်းဆီ လက်လွှတ်ခဲ့ရပြီးဖြစ်တဲ့ လီဗာပူးလ်တို့ဟာ ဒီတစ်ခါမှာတော့ အလစ်အငိုက်မမိအောင် အသည်းအသန် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Football365

Marca သတင်းက ကိုနာတေးဟာ လီဗာပူးလ်ရဲ့ စာချုပ်သစ်သက်တမ်းတိုး ကမ်းလှမ်းမှုကို နှစ်ကြိမ်အထိ ပယ်ချထားပါတယ်လို့ ရေးသားထားပါတယ်။ အဓိကအကြောင်းရင်းကတော့ လစာကွာဟမှုကြောင့်ဖြစ်ပြီး ကိုနာတေး လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၈၀၀၀၀ ဟာ သူတောင်းဆိုနေတယ်လို့ သတင်းထွက်နေတဲ့ အခြေခံလစာ ပေါင် ၂၀၀၀၀၀ နဲ့ ယှဉ်လိုက်ရင် အလွန်နည်းပါးနေတာကြောင့် ဖြစ်ပါတယ်။

Marca က ရီးရဲလ်အသင်း ကိုနာတေးကို စိတ်ဝင်စားနေတာဟာ ကြာပြီဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့ပါတယ်။ အန်တိုနီယို ရူဒီဂါ၊ ဒေးဗစ် အလာဘာ နဲ့ နောက်ဆုံးခေါ်ယူသွားခဲ့တဲ့ အာနိုးတို့ကို free transfer နဲ့ အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့တဲ့ ပုံစံအတိုင်းပဲ အသင်းရဲ့ ကစားသမားရှာဖွေရေးဌာနဟာ ကိုနာတေးကို လပေါင်းများစွာ စောင့်ကြည့်လေ့လာနေခဲ့တာလို့ ဆိုပါတယ်။ သူတို့ရဲ့ အဓိကရည်မှန်းချက်ကတော့ တရားဝင် စတင်ဆွေးနွေးခွင့်ရမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ကြိုတင်သဘောတူညီမှုစာချုပ်နဲ့ ကမ်းလှမ်းပြီး အပြီးသတ်ခေါ်ယူဖို့ပဲ ဖြစ်ပါတယ်။

Photo Credit : FotMob

အခြေအနေအရပ်ရပ်ကို ကြည့်ရင် ဒီပြင်သစ်ကစားသမားကတော့ အပြောင်းအရွှေ့အတွက် စိတ်အားထက်သန်နေပုံရတယ်လို့ Marca က သုံးသပ်ထားပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဒီအပေါ်မှာ မတူညီတဲ့ တုံ့ပြန်မှုတစ်ခု ပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက ကိုနာတေးဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကြောင့် စိတ်ပျက်နေပုံရပြီး သတင်းထောက်တွေကို အခုလို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

“ခင်ဗျားတို့ ဆိုရှယ်မီဒီယာပေါ်မှာ မြင်နေရတာတွေအားလုံးက လုံးဝကို အတုအယောင်တွေပါပဲ။ ကျွန်တော် ကလပ်အသင်းဆီက ဘာတစ်ခုမှတောင် မတောင်းဆိုခဲ့ပါဘူး။ သူတို့က ကျွန်တော့်ကို ကမ်းလှမ်းမှုတစ်ခုလုပ်တယ်။ ကျွန်တော်က သူတို့ဆီကို တစ်စုံတစ်ခုနဲ့ ပြန်တုံ့ပြန်ခဲ့တယ်၊ ဒါပါပဲ။တစ်ချိန်ချိန်မှာ လူတွေက ကျွန်တော်စာချုပ်သစ် မချုပ်ချင်ဘူးလို့ ထင်ကြလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော် စာချုပ်ချုပ်ဖို့ အခြေအနေနဲ့ ဘယ်တုန်းကမှ မနီးစပ်ခဲ့ပါဘူး။ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။” လို့ ပြောဆိုခဲ့ပါတယ်။