လီဗာပူးလ်ကြယ်ပွင့် လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်အအသင်းရဲ့ နည်းပြ ဗင်းဆင့် ကွန်ပနီဟာ မကြာသေးမီက ဒီယက်ဇ်နဲ့ video call ခေါ်ဆိုမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

Sport Bild သတင်းစာရဲ့ ဖော်ပြချက်အရ ဘိုင်ယန်နည်းပြ ကွန်ပနီဟာ ဒီယက်ဇ်နဲ့ ဗီဒီယိုကော ခေါ်ဆိုမှု ပြုလုပ်ခဲ့ပါတယ်။ ကိုလံဘီယာကစားသမားဟာ အပြောင်းအရွှေ့အတွက် သူလိုလားကြောင်း ကတိပေးခဲ့ပြီး လီဗာပူးလ်ကိုလည်း သူ့ရဲ့ဆန္ဒကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။ လီဗာပူးလ်ဟာ ဒီယက်ဇ်ရဲ့ စာချုပ်သက်တမ်း ၂၀၂၇ အထိ ရှိနေသေးပေမဲ့ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာချင်နေတယ်ဆိုတာကို လနဲ့ချီ သိထားပြီးသား ဖြစ်ပါတယ်။

Photo Credit : Infobae

ဘိုင်ယန်ရဲ့ ကြီးကြပ်ရေးဘုတ်အဖွဲ့က ဒီယက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် အမြင့်ဆုံး ကန့်သတ်ပမာဏကို ယူရိုသန်း(၆၀) အပြင် အပိုဆုကြေးတွေပါ ပါဝင်တယ်လို့ အစက သတ်မှတ်ထားခဲ့ပါတယ်။ လီဗာပူးလ်က ပြီးခဲ့တဲ့ သီတင်းပတ်က ငြင်းပယ်ခဲ့တယ်လို့ သိရတဲ့ ပထမဆုံး ကမ်းလှမ်းမှုက ယူရို(၅၂)သန်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တသမတ်တည်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘိုင်ယန်ဟာ သူတို့ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး အင်္ဂါနေ့က ယူရို(၆၇.၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဒီကမ်းလှမ်းမှုကိုလည်း လီဗာပူးလ်က ငြင်းပယ်ခဲ့ပါတယ်။

ဘိုင်ယန်အသင်းဟာ တောင်ပံနေရာအတွက် ဒီယက်ဇ်ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ နီကို ဝီလီယံစ်ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့အပြင် ဘီလ်ဘာအိုနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဝီလီယံစ်အစား ဘရက်ဒ်လေ ဘာကိုလာကိုလည်း ပီအက်စ်ဂျီက လက်လွှတ်ဖို့ ဆန္ဒမရှိတာကြောင့် ခေါ်ယူဖို့ ခက်ခဲနေရပါတယ်။ ဒီလအစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဘိုင်ယန်က ဒီယက်ဇ်ကို ၂၀၂၉ သို့မဟုတ် ၂၀၃၀ အထိ စာချုပ် ကမ်းလှမ်းဖို့ ပျော်ရွှင်စွာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Photo Credit : Bavarian Football Works

ဘိုင်ယန်က လိုက်ပ်ဇစ်ရဲ့ ဇာဗီ ဆိုင်မွန်ကိုလည်း ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ အားကစားဒါရိုက်တာ မက်စ် အီဘာလ်နဲ့ နည်းပြ ကွန်ပနီတို့ဟာ အသက်(၂၂)နှစ်အရွယ် ဒတ်ချ်ကစားသမားကို အထူးသဖြင့် အထင်ကြီးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Sport Bild ရဲ့ ဖော်ပြချက်အရ ဆိုင်မွန်ဟာ လောလောဆယ်မှာ ထိပ်တန်းဦးစားပေး မဟုတ်ဘဲ ဘိုင်ယန်က သူတို့ရဲ့ ထိပ်တန်းပစ်မှတ်တွေဖြစ်တဲ့ ဒီယက်ဇ်နဲ့ စတုဂတ်က နစ်ခ် ဝေါလ်တီမဲဒ်တို့ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ရင် အစားထိုးရွေးချယ်စရာ တစ်ခုသာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ကြယ်ပွင့် ဂါဘရီရယ်လ် မာတီနယ်လီကိုလည်း ဘယ်တောင်ပံအတွက် အစားထိုးရွေးချယ်စရာအဖြစ် မှန်းဆနေကြပါတယ်။ မာတီနယ်လီက လာမယ့်ရာသီအတွက် နည်းပြ မီခယ်လ် အာတေတာ ယုံကြည်ရမယ့် ကစားသမားတွေထဲ မပါဝင်ပုံရလို့ပါပဲ။

ဘာစီလိုနာကလည်း ဒီယက်ဇ်ကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားနေဆဲပါ။ ဒါပေမဲ့ The Athletic သတင်းထောက် ဒေးဗစ် အွန်းစတိန်းက အင်္ဂါနေ့က ဖော်ပြခဲ့တာက ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်ဟာ ဒီယက်ဇ်ကို ယူရိုသန်း(၁၀၀)ကျော်ထိ တန်ဖိုးသတ်မှတ်ထားတယ်လို့ သိရပါတယ်။