ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပူပူနွေးနွေး နည်းပြသစ် ဗင်းဆင့် ကွန်ပနီက သူ့အနေနဲ့ ဘိုင်ယန်မြူးနစ်လို အသင်းကြီး တစ်သင်းကို အခုလို ကိုင်တွယ်ခွင့်ရတော့မယ်ဆိုတာဟာ သူ့အတွက်တော့ အထူးအခွင့်အရေးတစ်ခု ရရှိလိုက်သလို ဖြစ်နေတာကြောင့် အလွန် ဂုဏ်ယူမိတယ်လို့ အသင်းနဲ့ အင်တာဗျူးမှာ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

နည်းပြ သောမတ်စ် တူဟယ်လ်နဲ့ ရာသီအကုန်မှာ လက်တွဲဖြုတ်ဖို့ သဘောတူထားပြီး နည်းပြ လစ်လပ်သွားခဲ့တဲ့ ဘိုင်ယန်အသင်းက တူဟယ်လ်နေရာအတွက် နည်းပြပေါင်းများစွာကို ချဉ်းကပ်ခဲ့ပေမယ့် တစ်ယောက်မှ အဆင်မပြေခဲ့လို့ နောက်ဆုံးမှာတော့ ဘန်လေနဲ့ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ တန်းပြန်ဆင်းသွားတဲ့ နည်းပြ ကွန်ပနီကိုပဲ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့လိုက်ပါတယ်။

Photo Credit : FC Bayern

အန်ဒါလက်ချ်နဲ့ ဘန်လေ (၂)သင်းတည်းကိုသာ ကိုင်တွယ်ဖူးပြီး နည်းပြအတွေ့အကြုံ နုနယ်သေးတဲ့ ကွန်ပနီကို ဘိုင်ယန်က ၂၀၂၇ခုနှစ်အထိ (၃)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားခဲ့ပြီး ဒီလို ပုံရိပ် မမြင့်မားလှတဲ့ နည်းပြတစ်ဦးကို အသင်းနည်းပြသစ်အဖြစ် တာဝန်ပေးလိုက်ခြင်းအပေါ် ဘိုင်ယန်ပရိသတ် များစွာကပါ စိတ်ပျက်နေကြပါတယ်။

ဒါပေမယ့် ဘိုင်ယန် တာဝန်ရှိသူတွေကတော့ မန်စီးတီးနဲ့ ဟမ်းဘတ် ကစားသမားဟောင်းကြီး ကွန်ပနီကို အသင်းနည်းပြအဖြစ် ယုံယုံကြည်ကြည်နဲ့ ခန့်အပ်ခဲ့ပြီး (၃)နှစ်အထိတောင် စာချုပ်ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဘိုင်ယန်ဟာ နည်းပြ ခန့်အပ်တိုင်းမှာ ကလပ်အသင်းကြီးပီပီ အောင်မြင်မှု အတော်အတန်လောက် ရယူထားနိုင်တဲ့ နည်းပြကိုမှ ခန့်အပ်လေ့ ရှိတာဖြစ်လို့ အခုလို တန်းဆင်းသွားတဲ့ အသင်းက နည်းပြကို နည်းပြရာထူး ပေးလိုက်တာကတော့ တော်တော်လေး စွန့်စားလွန်းရာ ကြနေပါတယ်။

Photo Credit : FC Bayern

ဒါပေမယ့် မန်စီးတီးရဲ့ legend player ကြီး တစ်ဦး ဖြစ်ခဲ့တဲ့ ကွန်ပနီက နည်းပြ ဂွာဒီယိုလာရဲ့လက်အောက်မှာ နည်းစနစ်ပိုင်းတွေ သင်ယူထားခဲ့ရတာမို့ ဘန်လေကို ကိုင်တွယ်ချိန်မှာလည်း ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားတာတွေနဲ့ ဘောလုံး ပေးပို့ပုံတွေက သူ့ဆရာသမား ဂွာဒီယိုလာရဲ့ နည်းဗျူဟာတွေနဲ့ပါ ခပ်ဆင်ဆင် ဖြစ်နေရပါတယ်။

အခုလို ရုတ်တရက်ကြီး နည်းပြဘဝရဲ့ အမြင့်ဆုံးနေရာဆီ ရောက်သွားခဲ့ရတဲ့ ကွန်ပနီက “ဒီကို ရောက်လာရတာက အထူးအခွင့်အရေးတစ်ခုလို၊ ဂုဏ်ပြုခံရသလို ခံစားမိရတယ်။ အရမ်းလည်း စိတ်လှုပ်ရှားနေမိတယ်။ ကျွန်တော်ရဲ့ စိတ်ခံစားချက်တွေရော ခွန်အားတွေကပါ အပြုသဘောဆောင်နေပါတယ်။ ကျွန်တော် ဒီမှာ အသင်းက ကစားသမားတွေ အသင်းက ဝန်ထမ်းတွေနဲ့ အလုပ်တွဲလုပ်ဖို့ မျှော်လင့်မိပါတယ်။ နောက်ပြီး အသင်းအတွက် အများကြီး ပေးဆပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

“ကျွန်တော်က ဘောလုံးပိုင်ဆိုင်မှုနဲ့ ကစားရတာ ၊ ဖန်တီးမှုတွေ လုပ်ရတာကို ကြိုက်နှစ်သက်တယ်။ နောက်ပြီး ကျွန်တော်တို့ ကွင်းထဲမှာလည်း ပြင်းပြင်းထန်ထန်နဲ့ သတိရှိရှိ ကစားသွားဖို့ လိုပါတယ်။ ကစားသမားတွေနဲ့ သေချာ အလုပ်တွဲလုပ်ပြီး အသင်းကို အခြေခံကနေ တည်ဆောက်သွားမယ်။ သေချာလေး အုတ်မြစ်ချလိုက်နိုင်ပြီဆိုရင် အောင်မြင်မှုတွေလည်း ရလာနိုင်ပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။