ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့် ကွန်ပနီက သူ့အသင်းနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်သည် အသင်းနှစ်သင်းလုံးအတွက်ပြင်းထန်တဲ့ ကစားဟန်များ တူညီနေခြင်းကြောင့် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

လူဝစ် အင်းနရစ်ရဲ့ ပီအက်စ်ဂျီနဲ့ ကွန်ပနီရဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ပြင်သစ်နှင့် ဂျာမန်လိဂ်ချန်ပီယံများအဖြစ် ဘောလုံးကိုစိုးမိုးထားလိုပြီး ပြိုင်ဘက်ကို အမြင့်ဘော ဖိအားပေးကာ တိုက်စစ်ဖွင့်ကစားလိုတဲ့ ကစားဟန်ချင်းလည်း တူညီကြပါတယ်။ “အသင်းနှစ်သင်းလုံးက ပွဲတိုင်းလိုလိုမှာ ပြိုင်ဘက်က ခံစစ်ပိတ်ကစားတာဖြစ်ဖြစ် အမြင့်ဘောဖိအားပေးတာဖြစ်ဖြစ် အခြေအနေတိုင်းမှာ ဘောလုံးကို ကောင်းကောင်း အသုံးချနိုင်စွမ်းရှိတဲ့ အသင်းတွေပါ။”

Photo Credit : The Business Standard

“ဒါက မိုးကြိုးမုန်တိုင်းတစ်ခုလို အခြေအနေမျိုးကို ဖန်တီးပေးပါတယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ မုန်တိုင်းတစ်ခုပါပဲ။ ဒီလိုပွဲမျိုးတွေက အမြဲတမ်း စိတ်ဝင်စားဖို့ကောင်းပြီး ကျွန်တော်သာဆိုရင် ဒီပွဲကိုကြည့်ဖို့ လက်မှတ်ဝယ်ကြည့်မှာပါ” လို့ ကွန်ပနီက သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်နဲ့ PSG တို့ရဲ့ပွဲကို အတ္တလန်တာမြို့ရှိ Mercedes-Benz အားကစားကွင်းရဲ့ အမိုးအောက်မှာ ကျင်းပမည်ဖြစ်သောကြောင့် မိုးလေဝသအနှောင့်အယှက်ရှိမှာမဟုတ်ဘဲ ပရိသတ်များအတွက် အရသာခံကြည့်ရှုရမယ့် ပွဲတစ်ပွဲဖြစ်လာမယ်လို့ ကွန်ပနီက ပြောပါတယ်။

Photo Credit : Super Sport

“ကျွန်တော်သာ ဘက်မလိုက်တဲ့ ပရိသတ်တစ်ယောက်ဆိုရင် ဒီပွဲကို လာကြည့်ဖြစ်မှာ သေချာပါတယ်။ အသင်းနှစ်သင်းလုံးမှာ တော်တော်လေး ပြင်းထန်တဲ့ ကစားကွက် အခြေခံမူတွေ ရှိကြတယ်။ ဒါကြောင့်ပဲ ဒီပွဲက စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ” လို့ ပြောပါတယ်။ ချန်ပီယံလိဂ် ချန်ပီယံ ပီအက်စ်ဂျီအသင်းရဲ့ အားကောင်းမှုကို သိရှိပေမယ့်လည်း ကွန်ပနီက သူ အရင်ဆိုင်ချင်ဆုံးအသင်းမှာ ပါရီကလပ်အသင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ “သူတို့က မနက်ဖြန်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြမှာမဟုတ်ဘူးလို့ တွေးထင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် ဒါက သင်ကြိုက်နှစ်သက်မယ့် စိန်ခေါ်မှုမျိုးပါ။”

“ကျွန်တော်သာ ပြိုင်ဘက်တစ်သင်းကို ရွေးခွင့်ရမယ်ဆိုရင် အားကစားသမားတစ်ယောက်အနေနဲ့ ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ အမြဲတမ်း ချန်ပီယံအသင်းကိုပဲ ရွေးမှာပါ။ သူတို့က ချန်ပီယံတွေဖြစ်ပြီး အခု ကျွန်တော်တို့ သူတို့ကို ရင်ဆိုင်ခွင့်ရတော့မှာပါ။ ဒါဟာ အခက်ခဲဆုံးပွဲ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီအတွက်ပဲ ကျွန်တော်တို့ ဒီနေရာကို ရောက်နေတာပါ။ ဒါကြောင့် ဒီထက်ကောင်းတဲ့ ရင်ဆိုင်တွေ့ဆုံမှုမျိုး မရှိနိုင်တော့ပါဘူး။” လို့ ကွန်ပနီက ပြောဆိုခဲ့ပါတယ်။