နယ်သာလန် လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ရော်နယ် ကိုးမန်းကတော့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပီအက်စ်ဗွီ ကနေ လီဗာပူးဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် လီဗာပူးမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ နယ်သာလန် တိုက်စစ်မှူး ဂတ်ပိုဟာ အသင်းရွေးမှားသွားတယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဂတ်ပိုက ပီအက်စ်ဗွီ ၊ နယ်သာလန်တို့နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် လီဗာပူးက ဇန်နဝါရီလ ၁ရက်နေ့မှာ ဂတ်ပိုကို ပြောင်းရွှေ့ကြေး ယူရို ၄၂သန်းကျော် ပေးကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Football 365

ဂတ်ပိုက နယ်သာလန်နဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် လီဗာပူးနည်းပြအဖွဲ့နဲ့ ပရိသတ်တွေက သူ့ဆီကနေ ခြေစွမ်းကောင်းတွေ မြင်ရလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် တကယ်တမ်းမှာ ဂတ်ပိုက လီဗာပူးရဲ့ ကစားကွက်ထဲမှာ အံဝင်ဖို့ ရုန်းကန်နေရသလို အခုချိန်အထိ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ မရသေးပါဘူး။

ဂတ်ပိုက လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၆ပွဲ ပါဝင် ကစားထားရာ သွင်းဂိုးရော ၊ ဂိုးဖန်တီးမှုပါ မရသေးသလို သူ့ရဲ့ ခြေစွမ်းကလည်း တိုက်စစ် ကစားသမားတွေထဲမှာ အညံ့ဆုံး ဖြစ်နေပြီး နယ်သာလန်နည်းပြ ကိုးမန်းကတော့ ဂတ်ပို တယောက် လီဗာပူးမှာ ရုန်းကန်နေရတာဟာ အသင်းရွေးမှားသွားလို့ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Football 365

ကိုးမန်းက – “ဂတ်ပိုက ပုံမှန်ခြေစွမ်း ရဖို့ ရုန်းကန်နေရတဲ့ အသင်းဆီ ပြောင်းမိခဲ့တာပါ။ ခင်ဗျားက အသင်းသစ် တသင်းဆီ ရောက်တဲ့အခါ ဂိုးမသွင်းနိုင်ရင် (ဒါမှမဟုတ်) အရေးမပါတဲ့ ကစားသမား ဖြစ်သွားရင် (ဒါမှမဟုတ်) အသင်းက နိုင်ပွဲတွေ မရရင် ခက်ခဲတဲ့ အချိန်ကို ရင်ဆိုင်ရတော့တာပါပဲ။ အထူးသဖြင့် လူငယ် ကစားသမားတွေ အတွက် အဲ့ဒီလို အခိုက်အတန့်တွေက အရမ်းကို ခက်ခဲပါတယ်။ အခု သူက အဲ့ဒီလိုပုံစံ ဖြစ်နေတာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဗွီရဲ့ နည်းပြချုပ် ဖြစ်သူ နစ္စတယ်ရွိုင်းကလည်း သူဟာ ဂတ်ပိုကို မန်ချက်စတာ ယူနိုက်တက်ဆီ လာမယ့် နွေဈေးကွက်မှာ ပြောင်းဖို့ တိုက်တွန်းခဲ့ပေမယ့် ဂတ်ပိုက သူ့ရဲ့ စကားကို နားမထောင်ပဲ လီဗာပူးဆီ ပြောင်းရွှေ့ခဲ့တာလို့ ပြောရင်း ဂတ်ပိုကို ဆူခဲ့ဖူးပါသေးတယ်။