နယ်သာလန် လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ရော်နယ် ကိုးမန်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ တပွဲ ဖြစ်တဲ့ ဂျီဘရောလ်တာနဲ့ ပွဲစဉ်မှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ပွဲအစပိုင်းတွေမှာ ကစားပုံ နှေးကွေးနေမှု အတွက် စိတ်ပျက်မိကြောင်း ပွဲပြီးဆုံးချိန်မှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ယူရို ၂၀၂၄ ခြေစစ်ပွဲ အဖြစ် နယ်သာလန်က ဥရောပရဲ့ အသင်းငယ် တသင်း ဖြစ်တဲ့ ဂျီဘရောလ်တာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ပွဲစပွဲဆုံး ခြေစွမ်းအသာနဲ့ ကစားသွားနိုင်ခဲ့သလို သွင်းဂိုး ၃ဂိုး အထိ သွင်းယူခဲ့ကာ ဂိုးပြတ်နိုင်ပွဲ တပွဲကို ရရှိခဲ့ပါတယ်။

Photo Credit: Keep Up

နယ်သာလန် ၃-၀ ဂျီဘရောလ်တာ ပွဲစဉ်မှာ နယ်သာလန်က ဂိုးပေါက်ကန်သွင်းခွင့် ၅၁ကြိမ် အထိ ရခဲ့ရာ ဂိုးပေါက်တည့် ကန်ချက် ၁၂ကြိမ် ရှိခဲ့ပြီး အဆိုပါ ၁၂ကြိမ် ကနေ သွင်းဂိုး ၃ဂိုး ရခဲ့တာ ဖြစ်ကာ နယ်သာလန် အတွက် သွင်းဂိုးတွေကို အဓိက တိုက်စစ် ကစားသမား ဒီပေးက ၁ဂိုးနဲ့ နောက်ခံလူ အကီက ၂ဂိုး အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ပွဲပြီးဆုံးချိန်မှာတော့ နယ်သာလန် နည်းပြချုပ် ရော်နယ် ကိုးမန်းက နိုင်ပွဲ ရခဲ့လို့ ပျော်မိပေမယ့် ပွဲအစပိုင်းမှာ ကစားပုံ နှေးနေခဲ့တဲ့ အတွက် မကျေနပ်သလို ဂျီဘရောလ်တာကို ၃ဂိုးပဲ သွင်းနိုင်ခဲ့လို့ မပျော်မရွှင် ဖြစ်ရကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Keep Up

ရော်နယ် ကိုးမန်းက – “ကျွန်တော်တို့က ဒီပွဲမှာ လိုချင်တဲ့ သွင်းဂိုး အရေအတွက် မရခဲ့ပါဘူး။ ပြိုင်ဘက်က မျှော်လင့်ထားတာထက် ပိုပြီး ခံကစားနိုင်ခဲ့သလို ကျွန်တော်တို့တွေရဲ့ ကစားပုံဟာ အတော်လေး လျော့တိလျော့ရဲ ဖြစ်ခဲ့ပါတယ်။ ပွဲအစထဲက ကျွန်တော်တို့ရဲ့ ဘောလုံးပေးမှုတွေ ၊ ကန်သွင်းမှုတွေက မတိကျ မရေရာခဲ့ပါဘူး။ ပြီးတော့ ကျွန်တော်တို့က အပိုင် အခွင့်အရေးတွေ အများကြီး မဖန်တီးနိုင်ခဲ့ပါဘူး။ ပြိုင်ဘက်က ဒီနေ့ပွဲမှာ ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့လို့ အခုလို ဖြစ်ခဲ့တာလို့ ဆင်ခြေပေးလို့ ရပေမယ့် ပုံမှန်ဆိုရင် ကျွန်တော်တို့က ဒီထက် ပိုများတဲ့ သွင်းဂိုးတွေ သွင်းနေကြပါ။ ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့ပွဲ ရလဒ်ဟာ မကောင်းခဲ့ပါဘူး။ အခု ကျွန်တော်တို့ နိုင်ပွဲ ရခဲ့တယ်။ ဒါကလည်း ဖြစ်သင့်တဲ့ ရလဒ်မျိုးပါ။ ဒါပေမယ့် ကျွန်တော်တို့ ရခဲ့တဲ့ သွင်းဂိုး အရေအတွက်က အတော်လေး နည်းနေပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။