ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၄အတွင်း ဝင်ရောက်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက နောက်ဆုံး ၅နှစ် အတွင်းမှာ မန်ချက်စတာ စီးတီးနဲ့အပြိုင် ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးနှစ်သင်း စာရင်းထဲ ဝင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Telegraph

အထူးသဖြင့် လီဗာပူးရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ဟာ အလွန်အမင်း ကျဆင်းနေပြီး လီဗာပူးက နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ၅ပွဲဆက် နိုင်ပွဲ ပျောက်ထားကာ ၂ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးကို ပိုင်ဆိုင်ထားပါတယ်။

အဝေးကွင်းစွမ်းရည် ကျဆင်းမှုကြောင့်ပဲ လီဗာပူးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၈ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄၃မှတ်သာ စုဆောင်းထားနိုင်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာ အထိ ရောက်ရှိနေကာ အဆင့်(၄)နေရာမှာ ရှိနေတဲ့ စပါးနဲ့ ရမှတ် ၇မှတ် အထိ ကွာဟနေခဲ့ပါတယ်။

Photo Credit: Eurosports

ဒါကြောင့်ပဲ လီဗာပူးက သူ့အပေါ်မှာ ရှိနေတဲ့ အသင်းတွေကို ကျော်ကာ အဆင့်(၄) အတွင်း ဝင်နိုင်ဖို့ မလွယ်ကူတော့ပဲ လီဗာပူးနည်းပြ ကလော့ပ်ကလည်း သူတို့အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ အဆင့်(၄) အတွင်းကို ဝင်နိုင်မှာ မဟုတ်ကြောင်း ဆိုလာပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့က အဆင့်(၄)ထဲကို မဝင်နိုင်တော့ပါဘူး။ ကျွန်တော်က ဘောလုံးအသင်း တသင်းဟာ ခြေစွမ်းကောင်းမှပဲ နိုင်ပွဲတွေကို ရသင့်တယ်လို့ ယုံကြည်ထားသူပါ။ လက်ရှိ ကျွန်တော်တို့ရဲ့ ခြေစွမ်းက အဆင့်(၄) အတွင်း ဝင်ဖို့ လုံလောက်တဲ့ အနေအထားမျိုးမှာ မရှိပါဘူး” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။