လီဗာပူးလ်အသင်းနည်းပြကြီး ယာဂင် ကလော့ပ်က သူ့အသင်းအနေနဲ့ FA Cup ကွာတားဖိုင်နယ်တုန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံစဉ် အမှားတွေ လုပ်ဆောင်မိခဲ့တာကို သတိထား ပြင်ဆင်သွားဖို့ လိုအပ်ကြောင်း ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီရာသီမှာ (၂)ကြိမ်အထိ တွေ့ဆုံထားခဲ့ပြီး အန်ဖီးလ်မှာ တွေ့ဆုံခဲ့စဉ်တုန်းက ဂိုးမရှိသရေ ဖြစ်ခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ ဆုံတွေ့ခဲ့ရတဲ့ FA Cup ကွာတားဖိုင်နယ်မှာတော့ ယူနိုက်တက်က အချိန်ပိုမှာ (4-3) နဲ့ အနိုင်ရထားခဲ့ပါတယ်။

Photo Credit : Bola

ဒီရှုံးပွဲကြောင့် လီဗာပူးလ်က အက်ဖ်အေဖလားကို လက်လွတ်လိုက်ရသလို အခုလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အရေးကြီးနေချိန်မှာ ခါးသီးပြိုင်ဘက် ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာပဲ ထပ်မံ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒီပွဲက လီဗာပူးလ်အတွက်တော့ အတော်လေးကို အရေးပါလို့နေပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး လီဗာပူးလ်နည်းပြကြီး ကလော့ပ်က “ကျွန်တော်တို့ FA Cup ပွဲမှာတုန်းက အရမ်းကောင်းအောင် ကစားခဲ့ပေမယ့် အခြေအနေတွေကို အပြီးသတ်နိုင်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အချိန်ပိုတွေက ကျွန်တော်တို့အတွက် အရမ်းများနေခဲ့ရတယ်။ သာမန်ပွဲချိန်မှာ အမှားတွေကို မလုပ်နိုင်ခဲ့ပေမယ့် အချိန်ပိုအတွင်းမှာတော့ ကျွန်တော်တို့က အမှားတွေကို မရှောင်နိုင်ပဲ လုပ်ဆောင်မိခဲ့တယ်။”

Photo Credit : Football365

“ယူနိုက်တက်က ပွဲကို အလှည့်အပြောင်း လုပ်ဆောင်ခဲ့ပြီး ကျွန်တော်တို့က ပွဲကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကျွန်တော် လုပ်ဆောင်ရမယ့် အရာတွေကို (၁၅)မိနစ်ကနေ မိနစ်(၇၀)အတွင်းမှာပဲ ရအောင် လုပ်ဆောင်နိုင်ခဲ့ရမှာ။ ပွဲတွေက သိပ်မလွယ်ကူတော့ပါဘူး။”

“ကျွန်တော်တို့အနေနဲ့ ယူနိုက်တက်အသင်းကို ပြသာနာ ဖြစ်စေနိုင်မယ့် နည်းလမ်းတွေကို ရှာသွားရမယ်။ သူတို့ကလည်း ဒီနည်းအတိုင်းပဲ ကြိုးပမ်းလာပါလိမ့်မယ်။ ဒီလိုပြိုင်ဘက်မျိုး ဒီကွင်းမှာပဲ ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့ တစ်ခုခု ရယူချင်တယ်ဆိုရင်တော့ တကယ်ကောင်းမွန်အောင် ကစားသွားရပါလိမ့်မယ်။” လို့ သတိပေး ပြောကြားသွားခဲ့ပါတယ်။