ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ယာဂင် ကလော့ပ်က သူတို့အသင်းရဲ့ ဝါရင့် ကစားသမား တဦး ဖြစ်သူ မီလ်နာကို စာချုပ်သစ် ချုပ်ဆိုဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တင်ပြ တောင်းဆိုထားကြောင်း လီဗာပူးနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝါရင့် ကစားသမားကြီး မီလ်နာက ၂၀၁၅ခုနှစ်ထဲက မန်ချက်စတာ စီးတီး ကနေ လီဗာပူးထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူနဲ့ လီဗာပူးတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ လက်ရှိစာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Standard

မီလ်နာက ကွင်းလယ် နေရာစုံနဲ့ ညာနောက်ခံလူ နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းပိုင်းက အတော်လေး ကျဆင်းနေပေမယ့် အတွေ့အကြုံ ၊ ဦးဆောင်နိုင်စွမ်းနဲ့ စည်းကမ်းပိုင်း သေဝပ်မှုတို့ကြောင့် လီဗာပူးရဲ့ လူစာရင်းထဲမှာ ဩဇာအာဏာ ရှိပါတယ်။

လီဗာပူးဘုတ်အဖွဲ့ကတော့ အသက်အရွယ်အရ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်နေတဲ့ မီလ်နာကို စာချုပ်သစ် ချုပ်ဆိုဖို့ တွန့်ဆုတ်နေပေမယ့် လီဗာပူးနည်းပြ ကလော့ပ်က အသင်းရဲ့ တခြား ကွင်းလယ်လူတွေ ဖြစ်တဲ့ နာဘီကီတာ ၊ ချိန်ဘာလိန် ၊ အာသာတို့ကို လာမယ့် နွေဈေးကွက်မှာ အသင်းကနေ ထွက်ခွာခွင့် ပေးထားချိန်မှာ မီလ်နာကို စာချုပ်သစ် ချုပ်ဆိုချင်နေပါသေးတယ်။

Photo Credit: Standard

လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းထောက် ဖြစ်သူ နေးလ်ဂျုံးစ်ရဲ့ ဖော်ပြချက်အရ ကလော့ပ်က မီလ်နာကို စာချုပ်သစ် ချုပ်ဆိုဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တင်ပြ တောင်းဆိုထားပြီး ကလော့ပ်ဟာ မီလ်နာရဲ့ ပရော်ဖက်ရှင်နယ် ပီသမှု ၊ အသင်းအတွက် ပေးဆပ်လိုစိတ် ပြည့်ဝမှုနဲ့ အသင်းဖော်တွေအပေါ် လွှမ်းမိုးနိုင်စွမ်းတို့ကို သဘောကျတာကြောင့် နောက်ထပ် ၁နှစ် အသင်းမှာ ဆက်နေခိုင်းဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။