ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂)မှာ နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် အဆင့်(၄)နဲ့ ရမှတ် ၆မှတ်ပဲ ကွာတော့ပေမယ့် သူတို့အသင်းဟာ အဆင့်(၄) အတွင်း ဝင်ရောက်ဖို့ မဖြစ်နိုင်သေးပါဘူး ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဆင့်(၂)နဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ကောင်း ရရှိဖို့ ရုန်းကန်နေရမှုနဲ့အတူ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂) အပြီးမှာ ရမှတ် ၅၀မှတ်နဲ့အတူ အဆင့်၇နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Squawka

လီဗာပူးက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂) အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဂျိုတာ ၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နော်တင်ဟမ် ဖောရက်စ်ကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် လီဗာပူးက အဆင့်(၄)နေရာမှာ ရှိနေတဲ့ နယူးကာဆယ်နဲ့ ရမှတ် ၆မှတ်သာ ကွာဟတော့ပြီး လီဗာပူးရဲ့ ပရိသတ်တွေကတော့ သူတို့အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်(၄)နေရာကို ရရှိလိမ့်မယ်လို့ စတင် ယုံကြည်လာကြပါတယ်။

Photo Credit: Football 365

ဒါပေမယ့် လီဗာပူးနည်းပြချုပ် ကလော့ပ်ကတော့ သူတို့အသင်းဟာ အဆင့်(၄) အတွင်း ဝင်နိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ ကလော့ပ်က – “အရိုးသားဆုံး ပြောရရင် ကျွန်တော်တို့အသင်းက အဆင့်(၄) အတွင်း ဝင်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော်တို့က အဆင့်(၄) အတွင်း ဝင်မလား ၊ မဝင်ဘူးလား ဆိုတာကို လာမယ့် အပတ်တွေမှာ ခင်ဗျားတို့ တွေ့ကြရပါလိမ့်မယ်။ အခုချိန်မှာကတော့ ကျွန်တော်တို့နဲ့ အဆင့်(၄)က မဆိုင်သေးပါဘူး။ ကျွန်တော်တို့က တပွဲချင်းစီပဲ ခေါင်းထဲ ထည့်ထားဖို့ လိုပါမယ်။ ကျွန်တော်တို့က နောက်တပတ်မှာ ဝက်စ်ဟမ်းနဲ့ ပွဲကျပ် တပွဲ ကန်ရပါမယ်။ အခုတော့ အဲ့ဒီပွဲအတွက်ပဲ စဉ်းစားထားပါတယ်။ ဒီနေ့ပွဲမှာ ၃မှတ်အပြည့် ရယူနိုင်ခဲ့လို့လည်း ပျော်ရွှင်မိပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။