လီဗာပူးလ်နည်းပြကြီး ယာဂင် ကလော့ပ်က အက်ဖ်အေဖလား တတိယအဆင့်မှာ အိမ်ရှင် အာဆင်နယ်အသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ယူ ကျော်ဖြတ်နိုင်အောင် စွမ်းဆောင်ခဲ့တဲ့ သူရဲ့ ကစားသမားတွေအတွက် အလွန် ဂုဏ်ယူမိတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အိမရိတ်ဒ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အာဆင်နယ်က ပထမပိုင်း ပွဲကစားချိန်ကတည်းက အခွင့်အရေးတွေ များစွာ ရရှိခဲ့ပေမယ့်လည်း ဒီအခွင့်အရေးတွေကို ကောင်းကောင်း အသုံးမချနိုင်ခဲ့ပဲ ပွဲပြီးဖို့ မိနစ်အနည်းငယ်ခန့် အလိုလောက်မှ ခီဝီယောရဲ့ own goal ဒီယက်ဇ်ရဲ့ ပွဲသိမ်းဂိုးတို့ကို ခွင့်ပြုရင်း ရှုံးနိမ့်သွားခဲ့ရပါတယ်။

Photo Credit : Liverpool

ဒီလို အာဆင်နယ်အသင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ လီဗာပူးလ်က လက်ရှိ ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံးက ရှိနေသလို လိဂ်ဖလားမှာလည်း ဆီမီးဖိုင်နယ်ဆီ ရောက်ရှိနေပြီး ယူရိုပါလိဂ်မှာပါ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတာမို့ ဖလား (၄)လုံးလမ်းကြောင်းမှာ ရပ်တည်လျက် ရှိနေပါတယ်။

ဒီနိုင်ပွဲနဲ့ ပတ်သက်ပြီး လီဗာပူးလ်နည်းပြ ကလော့ပ်က “ကျွန်တော်ကတော့ အလွန့်အလွန်ကို ဂုဏ်ယူမိတယ်။ ဒါက အရမ်းကို ခက်ခဲတဲ့ တွေ့ဆုံမှုပါ။ အခက်ခဲဆုံး မဲနှိုက်ရေးဆွဲမှုတစ်ခုကို ကျွန်တော်တို့ ရခဲ့တယ်လို့ ပြောရမလိုပဲ။ ဒီမှာ ယှဉ်ပြိုင်သွားဖို့အတွက် ကျွန်တော် ကြိုတင် စီစဉ်ထားတာတွေ စဉ်းစားထားတွေ ရှိပါတယ်။”

Photo Credit : TEAMtalk

“ကျွန်တော်တို့ အသင်းက ဂိုးတွေ သွင်းယူမယ်။ လူငယ် ကစားသမားလေးတွေကို ထည့်သွင်း ကစားစေမယ်။ (၉၅)မိနစ်အထိ အကောင်းဆုံး တိုက်ပွဲဝင်သွားမယ်။ အဲ့ဒီအတိုင်းကို ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ မိုဆာလာ နဲ့ ဗန်ဒိုက်တို့လို အဓိက ကစားသမားတွေ မပါဝင်နိုင်ခဲ့ပေမယ့်လည်း ဆာလာနေရာအတွက် ဒီယက်ဇ် ဂျိုတာတို့ အကောင်းဆုံး အစားဝင်နိုင်ခဲ့သလို ကိုနာတေးကလည်း တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ရလောက်အောင် ခံစစ်မှာ ခြေစွမ်းပြသသွားခဲ့ပါတယ်။