ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၂)မှာ သူတို့အသင်းက ဝုဗ်ကို အဝေးကွင်းမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် သူကတော့ ဝုဗ်ရဲ့ တတိယသွင်းဂိုး ဖြစ်တဲ့ ရူဘင် နီဗက်ရဲ့ သွင်းဂိုးကို ခေါင်းထဲ ထည့်မတွေးတာကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ပဲ ရှုံးနိမ့်တယ်လို့ ယူဆကြောင်း ပွဲပြီးဆုံးချိန်မှာ ပြောကြားသွားခဲ့ပါတယ်။

လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၂၂) အဖြစ် တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဝုဗ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ပွဲအစ ၁၂မိနစ် အတွင်းမှာ ပေးလိုက်ရတဲ့ ပေးဂိုး ၂ဂိုးကြောင့် အတော်လေး ခက်ခဲတဲ့ ပွဲတပွဲကို ကစားခဲ့ရပါတယ်။

Photo Credit: Sky Sports

ဝုဗ် ၃-၀ လီဗာပူး ပွဲစဉ်မှာ နှစ်သင်းစလုံးက ရလဒ်ကောင်းတွေ လိုအပ်နေတာကြောင့် အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပြီး လီဗာပူးဟာ ဒီရာသီမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သူတို့အသင်းရဲ့ ပုံစံအတိုင်း အထလေးနေခဲ့တာကြောင့် ပွဲချိန် ၁၂မိနစ် အတွင်းမှာပဲ မာတစ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု ၊ ဒေါ်ဆန်ရဲ့ ဂိုးဧရိယာ အတွင်း အပြင်း ကန်သွင်းချက်တို့ကြောင့် ဝုဗ်က ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဝုဗ်က ၂ဂိုးပြတ်နဲ့ ပွဲကို ဦးဆောင်ခွင့် ရခဲ့ပြီးနောက် လီဗာပူးရဲ့ ကစားပုံက အတော်လေး ဆိုးရွားသွားခဲ့ပြီး ဒုတိယပိုင်း ရောက်မှသာ ကလော့ပ်ရဲ့ အားပေးစကားတွေ ၊ နည်းစနစ် ညွှန်ပြမှုတွေနဲ့အတူ လီဗာပူးက ပွဲကို ပြန်လည် စိုးမိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးက လိုအပ်နေတဲ့ ချေပဂိုးတွေ ပြန်မရှာနိုင်ခဲ့သလို ပွဲချိန် ၇၁မိနစ်မှာ ဝုဗ်အသင်းခေါင်းဆောင် ရူဘင် နီဗက်ရဲ့ သွင်းဂိုးကိုပါ ထပ်မံ ခွင့်ပြုခဲ့ရတာကြောင့် ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ လီဗာပူးနည်းပြ ကလော့ပ်က သူတို့အသင်းဟာ ၃ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် သူကတော့ ဝုဗ်ရဲ့ တတိယသွင်းဂိုးကို ထည့်မတွက်ကြောင်းနဲ့ သူတို့အသင်းဟာ တတိယ ဦးဆောင်ဂိုး ခွင့်မပြုရခင်မှာ ဝုဗ်ကို သူတို့ကွင်းဘက်ခြမ်း မရောက်နိုင်အောင် ထိန်းထားနိုင်ခဲ့ကြောင်း ဆင်ခြေပေးလာပါတယ်။

ကလော့ပ်က – “ကျွန်တော်ကတော့ ဝုဗ်ရဲ့ တတိယဂိုးကို ထည့်မတွက်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်က ဝုဗ်တသင်းလုံး အနေနဲ့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ ကွင်းဘက်ကို စရောက်တဲ့ ပထမဦးဆုံးအကြိမ်မို့လို့ပါ။ ကျန်တဲ့ သွင်းဂိုး ၂ဂိုးကတော့ ကျွန်တော်တို့တွေ တပတ်လုံး ပြင်ဆင်ထားခဲ့သမျှကို ဖျက်ဆီးခဲ့တဲ့ သွင်းဂိုးတွေပါ။ အဲ့ဒီ သွင်းဂိုးတွေကြောင့် ကျွန်တော်တို့ရဲ့ အစီအစဉ်တွေ အားလုံး ပျက်စီးခဲ့ပါတယ်။ တကယ့်ကို ဆိုးရွားလွန်းတဲ့ ပွဲအစပါပဲ” လို့ ပြောဆိုသွားခဲ့တာပါ။ ကလော့ပ်ရဲ့ အဆိုပါ ပြောကြားချက်ကို ဝုဗ်က သူတို့အသင်းရဲ့ တရားဝင်ပေ့ချ်မှာ ပွဲပြီးရလဒ် တင်တဲ့အခါ ရူဘင် နီဗက်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ကာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးကြောင်း တင်ကာ ပြန်လည် တုံ့ပြန်သွားခဲ့ပါသေးတယ်။